မန္တလေးတိုင်း မီးသတ်ဦးစီးဌာနမှ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း မီးငြှိမ်းသတ်ယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံဝယ်ယူမည်

79

 

မန္တလေး၊ နိုဝင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီးအတွင်း မီးလောင်မှုများ ဖြစ်ပွားရာတွင် အမြန်ငြှိမ်းသတ်နိုင်ရန်နှင့် အထောက်အကူပြုနိုင်ရန် မီးငြှိမ်းသတ်ယာဉ်များနှင့် ဆက်စပ်ပစ္စည်းများကို ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဝယ်ယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

“ကျွန်တော်တို့ဌာနလက်အောက်က မြို့နယ်တွေကို ခွဲဝေပေးနိုင်အောင်လို့ မီးငြှိမ်းသတ်ယာဉ်နဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူသွားမှာပါ၊ အခု တင်ဒါ စခေါ်နေပါတယ်” ဟု အဆိုပါဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ထိုသို့ ဝယ်ယူရာတွင် ၈၀၀ ဂါလန်ဆံ့ မီးငြှိမ်းသတ်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးယာဉ်များ၊ မီးသတ်ရေသယ်ယာဉ်များ စသည့် ယာဉ်စုစုပေါင်း ၂၄ စီး ဝယ်ယူသွားမည့်အပြင် ရှာဖွေကယ်ဆယ်ရေးဝတ်စုံများ၊ ချိန်းဆောများ၊ Drone တစ်စင်းနှင့် စသည့် ဆက်စပ်ပစ္စည်းများကို မကြာမီ စတင်ဝယ်ယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ထပ်မံသိရသည်။

“မီးငြှိမ်းသတ်ယာဉ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို သူ့ Lot အလိုက် ဝယ်ယူသွားမယ်၊ အဲဒီအတွက် တင်ဒါလျှောက်လွှာတွေ စရောင်းပေးနေပြီဖြစ်တဲ့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေ၊ ဒါမှမဟုတ် လုပ်ငန်းရှင်တွေအနေနဲ့ လာရောက်လျှောက်ထားနိုင်ပါတယ်” ဟု အဆိုပါဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ထပ်မံဆိုသည်။

တင်ဒါလျှောက်လွှာတင်သွင်းမည့်သူများအနေဖြင့် နိုဝင်ဘာ ၂၇ ရက် ညနေ ၅ နာရီနောက်ဆုံးထား၍ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးသို့ လာရောက်တင်သွင်းနိုင်ပြီး ဒီဇင်ဘာ ၃ ရက်တွင် တင်ဒါဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် မီးငြှိမ်းသတ်ယာဉ်များ အချိန်နှင့်တစ်ပြေးညီဝန်ဆောင်မှုပေးနိုင်သောကြောင့် အထပ်နိမ့်အဆောက်အအုံများ မီးလောင်သည့်အခါ မြန်မြန်ဆန်ဆန် ငြှိမ်းသတ်နိုင်သော်လည်း မန္တလေးမြို့ရှိ ဈေးများအပါအဝင် အထပ်မြင့်အဆောက်အအုံများ မီးလောင်ရာ၌ အခက်အခဲအချို့ရှိနေဆဲဖြစ်ကာ နိုင်ငံတကာကဲ့သို့ မီးငြှိမ်းသတ်ရဟတ်ယာဉ်နှင့် အထပ်မြင့် မီးငြှိမ်းသတ်နိုင်သည့် မီးငြှိမ်းသတ်ယာဉ်များ ထပ်မံဖြည့်တင်းပေးစေလိုကြောင်း မန္တလေးမြို့ခံအချို့က အကြံပြုသည်။

ကျော်ကျော်အောင်(ကလေးမြို့)
မန္တလေးမြို့တွင် လက်ရှိအသုံးပြုနေသော မီးငြှိမ်းသတ်ယာဉ်များကို တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here