မန္တလေးတိုင်း​တွင် ကိုးလတာကာလအတွင်း ယာဉ်တိုက်မှုကြောင့်သေဆုံးသူ ၄၂၅ ဦးရှိပြီး ယခင်နှစ်ထက် အနည်းငယ်လျော့ကျ

77

 

မန္တ​လေး၊ ​​အောက်တိုဘာ ၁၁

မြန်မာနိုင်ငံ၏ ယာဉ်သွားယာဉ်လာ ဒုတိယအများဆုံး မန္တလေးတိုင်းဒေသကြီးတွင် ယခု ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလတာကာလအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၄၂၅ ဦးရှိပြီး ယခင်နှစ်ထက် အနည်းငယ်လျော့ကျခဲ့ကြောင်း မန္တလေးတိုင်း အမှတ် (၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

“ဒီနှစ် ကိုးလတာအတွင်းမှာ အရင်နှစ် ကိုးလတာနဲ့ယှဉ်ရင်တော့ ယာဉ်တိုက်မှုအရေအတွက်ရော၊ ယာဉ်တိုက်မှုကြောင့် သေဆုံးသူအရေအတွက်ရော အနည်းငယ်လျော့သွားတယ်၊ ဒါပေမဲ့ ဒီနှစ်အတွင်း လအလိုက်ယှဉ်ရင်တော့ စက်တင်ဘာလမှာ အရင်လတွေထက် ယာဉ်တိုက်မှုကြောင့် သေတဲ့သူက နည်းနည်းပဲလျော့တယ်၊ စက်တင်ဘာလဆို Covid-19 ကာလဖြစ်လို့ အပြင်ထွက်တဲ့သူနည်းတယ်လို့ ဆိုရပေမဲ့ ကားမှောက်တာတွေများတော့ သေဆုံးသူနဲ့ ဒဏ်ရာရသူက များသွားတယ်” ဟု အဆိုပါရုံးမှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

ခရိုင် ခုနစ်ခုဖြင့် ဖွဲ့စည်းထားသော မန္တလေးတိုင်းဒေသကြီးတွင် ပြင်ဦးလွင်ခရိုင်၊ မန္တလေးခရိုင်နှင့် မိတ္ထီလာခရိုင်တို့သည် ယာဉ်တိုက်မှုအများဆုံးနှင့် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ အများဆုံးဖြစ်ကာ ညောင်ဦးခရိုင်နှင့် မြင်းခြံခရိုင်မှာမူ ယာဉ်တိုက်မှုနှင့် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ အနည်းဆုံးဖြစ်ကြောင်း၊ အဆိုပါယာဉ်တိုက်မှုများသည် ညနေ ၆ နာရီမှ ည ၁၂ နာရီအတွင်းနှင့် နေ့လယ် ၁၂ နာရီမှ ညနေ ၆ နာရီအတွင်း အများဆုံးဖြစ်ပွားလေ့ရှိပြီး ယာဉ်တိုက်မှုကြောင့် သေဆုံးသူများအနက် အသက် ၃၀ နှင့် ၄၄ နှစ်ကြား အရွယ်များသည် အများဆုံးဖြစ်ကာ အသက် ၁၅ နှစ်နှင့် ၂၉ နှစ်ကြား အရွယ်များသည် ဒုတိယအများဆုံးဖြစ်ကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ထပ်မံသိရသည်။

“ယာဉ်တိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ ကိုးလအတွင်း အသက် ခုနစ်ဆယ်နဲ့အထက်က ​ခြောက်ဦးပါတယ်၊ အသက် ငါးနှစ်နဲ့ ၁၄ နှစ်ကြားလည်း ​ခြောက်ဦးပဲပါတယ်၊ အသက် ​ခြောက်ဆယ်နဲ့ ၆၉ နှစ်ကြားကတော့ ယာဉ်တိုက်မှုကြောင့် သေဆုံးမှု ဒုတိယအနည်းဆုံးပေါ့” ဟု အဆိုပါရုံးမှ တာ၀န်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း လက်ရှိ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလတာကာလအတွင်း ယာဉ်တိုက်မှုစုစုပေါင်း ၁,၁၁၇ မှု ရှိသည့်အနက် ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၁,၄၈၆ ဦးရှိခဲ့ကာ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၄၂၅ ဦးရှိခဲ့သည်။ အဆိုပါယာဉ်တိုက်မှုများအား သုံးသပ်ကြည့်ရာတွင် ကျူးလွန်သူများမှာ အသက် သုံးဆယ်နှင့် ​လေးဆယ်နှစ်ကြား အရွယ်များသည် အများဆုံးဖြစ်ပြီး အသက် နှစ်ဆယ်နှင့် သုံးဆယ်နှစ်ကြား အရွယ်များသည် ဒုတိယအများဆုံးဖြစ်ကာ တိုက်ပြေး (စုံစမ်းဆဲ) မှာ ၁၁၃ ဦးရှိကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here