မန္တလေးတိုင်းအတွင်း လူစုလူဝေး မပြုလုပ်ရန် တိုင်းဒေသကြီးအစိုးရ မေတ္တာရပ်ခံ

60

 

မန္တလေး၊ နိုဝင်ဘာ ၁၂

Covid-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုများ တိုးနေဆဲဖြစ်သော မန္တလေးတိုင်းဒေသကြီးတွင် ယခုရွေးကောက်ပွဲကာလ ပြီးစီးသွားပြီဖြစ်သော်လည်း လူဦးရေ သုံးဆယ်ထက်ပို၍ ကား၊ ဆိုင်ကယ်များဖြင့် စီတန်းလှည့်လည်ခြင်း၊ ပွဲများပြုလုပ်ခြင်းများ တွေ့ရှိနေရသဖြင့် ယင်းကဲ့သို့ လူစုလူဝေး မပြုလုပ်ရန် နိုဝင်ဘာ ၁၁ ရက်မှစ၍ မေတ္တာရပ်ခံ ပန်ကြားထားကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

“အကောင်းဆုံးနည်းကတော့ မိမိအိမ်မှာ နေထိုင်ခြင်းနှင့် တစ်ဦးနဲ့တစ်ဦး ထိတွေ့မှုမရှိခြင်းတို့ ဖြစ်ပါတယ်၊ မဖြစ်မနေ အပြင် သွားရောက်တဲ့အခါမှာလည်း နှာခေါင်းစည်း၊ Mask တွေ တပ်ဆင်ကြဖို့လိုပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က မေတ္တာရပ်ခံစာတွင် ဖော်ပြထားသည်။

လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ Covid-19 ရောဂါအား ကြိုတင်ကာကွယ်နိုင်ရန် သြဂုတ် ၁၆ ရက်မှစ၍ လူ ၁၅ ဦးအစား လူ သုံးဆယ်ဦးဖြစ်စေ၊ လူ သုံးဆယ်ဦးထက် ပို၍ဖြစ်စေ စုဝေးခြင်းမပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားထားသော်လည်း ယခုအခါ နိုဝင်ဘာ ၈ ရက်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြီးမြောက်သွားပြီးနောက်ပိုင်း လူစုလူဝေးပြုလုပ်မှုများ ဆက်တိုက်တွေ့ရှိနေရကြောင်း၊ ယခုအချိန်သည် Covid-19 ရောဂါပြန့်ပွားနိုင်သည့် အန္တရာယ်ကြီးမားနေသည်ဖြစ်၍ ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာနကလည်း နိုဝင်ဘာ ၁၀ ရက်တွင် ထပ်မံသတိပေးထားရာ ယင်းအမိန့်နှင့် ညွှန်ကြားချက်ကို အားလုံးလိုက်နာရန် လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်သည်။

လိုက်နာရန်ပျက်ကွက်ပါက မည်သူမဆို တည်ဆဲစည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လူစုလူဝေး မပြုလုပ်ကြရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်သူလူထုထံ ယနေ့ မေတ္တာရပ်ခံပန်ကြားလိုက်သည်။

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင်မူ ယခုအခါ ရွေးကောက်ပွဲကျင်းပပြီး နောက်ရက်မှစ၍ အာဏာရပါတီ ဆက်လက်အနိုင်ရရှိသည့်အတွက် ပါတီဝန်းရံသူများက နန်းမြို့ရိုး ကျုံးဘေးတွင် အောင်ပွဲခံပွဲတော်များပြုလုပ်ခြင်း၊ မြို့တွင်း၌ ကား၊ ဆိုင်ကယ်တန်းများဖြင့် လှည့်လည်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် အချို့သော လက်ဖက်ရည်ဆိုင်များကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရွေးကောက်ပွဲအောင်နိုင်ခဲ့သည့်အတွက် အောင်ပွဲအထိမ်းအမှတ် လက်ဖက်ရည်များ၊ ကြာဆန်ကြော်များ၊ မုန့်ဟင်းခါးများ၊ မုန့်လုံးရေပေါ်များ စသည့် အစားအသောက်များကို စတုဒိသာ ကုသိုလ်ပြု ကျွေးမွေးမှုများ ပြုလုပ်လျက်ရှိကြောင်း မန္တလေးမြို့ခံများထံမှ စုံစမ်းသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးခွင့်ကာလ၌ စီတန်းလှည့်လည် မဲဆွယ်နေကြသည့် မြင်ကွင်းတစ်ခုကို တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here