မန္တလေးတိုင်းအတွင်း ညမထွက်ရအမိန့် နှစ်ပတ်ထပ်တိုး

128

 

မန္တ​လေး၊ နိုဝင်ဘာ ၁

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ကား၊ ဆိုင်ကယ် စသည့် မည်သည့်ယာဉ်နှင့်မဆို အပြင်ထွက်သွားလာမှုအား ကန့်သတ်ထားရာ ယင်းအမိန့်ကို ယခင် အောက်တိုဘာလကုန်အထိ ထားရှိခဲ့ရာမှ ယခု နို၀င်ဘာ ၁၅ ရက်အထိ ထပ်တိုးလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

“Covid-19 ကပ်ရောဂါ မငြိမ်သေးတဲ့အတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေမှာ အထောက်အကူပြုအောင်လို့ ညမထွက်ရအမိန့် Curfew ကို နှစ်ပတ်ထပ်တိုးလိုက်တယ်၊ နို၀င်ဘာ ၁၅ ရက်အထိ ရက်ထပ်တိုးထားတယ်ပေါ့” ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများနှင့် အင်းများကိုလည်း နို၀င်ဘာ ၁၅ ရက်အထိ ယာယီပိတ်သိမ်းထားရဦးမည်ဖြစ်ကာ တန်ခိုးကြီးဘုရားများ၊ စေတီပုထိုးများ ဖူးမြော်ခြင်းကိုလည်း ခွင့်ပြုဦးမည်မဟုတ်ကြောင်း၊ ထို့ပြင် လူစုလူဝေး ဖြစ်ပေါ်နိုင်သည့် လူထုအပန်းဖြေနေရာများ၊ ပန်းခြံ၊ ကလေးကစားကွင်း၊ စကိတ်ကွင်း၊ ဖူဆယ်ကွင်း၊ ဘောလုံးကွင်း၊ နိုက်ကလပ်၊ KTV ၊ ကာရာအိုကေ/ စင်တင်တေးဂီတ၊ စတိတ်ရှိုးပွဲများ၊ ဗီဒီယိုရုံများ၊ ရုပ်ရှင်ရုံများ၊ အနှိပ်ခန်းများ စသည်တို့ကိုလည်း ဆက်လက် ပိတ်ထားရဦးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က နို၀င်ဘာ ၁ ရက်(ယ​နေ့)တွင် ထုတ်ပြန်သည်။

“မန္တလေးအနေနဲ့ အစောပိုင်းက ဖြစ်ပွားမှုနည်းတယ်၊ နောက်ပိုင်း တရိပ်ရိပ်တက်လာတယ်၊ Covid-19 ဒုတိယလှိုင်းမှာ အဖြစ်များတဲ့ ဒေသတွေဆီကနေ လာတဲ့သူတွေကို မြို့၀င်ဂိတ်တွေကနေ စစ်ဆေးပြီး Quarantine ၀င်ဖို့ ဆောင်ရွက်ပေမဲ့ လွတ်သွားတာတွေလည်းရှိတယ်၊ အဲဒါတွေနဲ့ပဲ မန္တလေးမှာ Covid-19 ကူးစက်မှုက တဖြည်းဖြည်း အဖြစ်များလာတယ်” ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

မည်သူမဆို ယခု Covid-19 ဒုတိယလှိုင်းကာလအတွင်း Covid-19 ရောဂါပြန့်ပွားမှု ထိန်းချုပ်ခြင်း လုပ်ငန်းများကို အမျိုးသားရေးအသွင် မှတ်ယူ၍ လမ်းညွှန်ချက်များနှင့် တားမြစ်ချက်များကို လိုက်နာကြရန်လိုအပ်ပြီး ညမထွက်ရအမိန့် အပါအ၀င် လိုက်နာမှုမရှိသူများအားလုံးကို တည်ဆဲဥပဒေများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်မံသိရသည်။

စက်တင်ဘာ ၂၆ ရက် ကတည်းက Stay at Home သတ်မှတ်ခဲ့သော မန္တလေးမြို့ရှိ မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ အမရပူရ စသည့် မြို့နယ်သုံးခုကိုမူ ယနေ့အထိ Stay at Home သတ်မှတ်ထားဆဲဖြစ်သည့်အပြင် ပိုးအတွေ့များသည့် အောင်မြေသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့ကိုလည်း Lock Down သတ်မှတ်၍ လမ်းအသွားအလာများ ကန့်သတ်ထားကြောင်း မန္တလေးမြို့ခံများက ပြောဆိုသည်။ ခရိုင် ခုနစ် ခရိုင်ဖြင့် ဖွဲ့စည်းထားသော မန္တလေးတိုင်းဒေသကြီးတွင် ယခု Covid-19 ဒုတိယလှိုင်းကာလအတွင်း အောက်တိုဘာ ၃၀ ရက်အထိ ပိုးတွေ့လူနာ ၁,၈၅၃ ဦးရှိသည့်အနက် ၁,၂၂၇ ဦး ဆေးရုံမှဆင်းသွားပြီဖြစ်ကာ ၆၁၈ ဦးမှာ ဆေးရုံတက်ကုသဆဲဖြစ်ပြီး ရှစ်ဦးမှာ သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here