မန္တလေးတိုင်းအတွင်း ညမထွက်ရအမိန့် ဆက်လက်ထားရှိသွားမည်

102

 

မန္တလေး၊ အောက်တိုဘာ ၁၆

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ကား၊ ဆိုင်ကယ် စသည့် မည်သည့်ယာဉ်နှင့်မဆို အပြင်ထွက်သွားလာမှုအား ကန့်သတ်ထားရာ ယင်းအမိန့်ကို ယခုအောက်တိုဘာလကုန်အထိ ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

“Covid-19 ကပ်ရောဂါ မငြိမ်သေးတဲ့အတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေမှာ အထောက်အကူပြုအောင်လို့ ညမထွက်ရအမိန့် Curfew ကို ဆက်လက်ထားရှိသွားမယ်၊ လောလောဆယ် အောက်တိုဘာလကုန်အထိ ရက်တိုးထားတယ်” ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သော ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများနှင့် အင်းများကိုလည်း ယခု အောက်တိုဘာလကုန်အထိ ယာယီပိတ်သိမ်းထားရမည်ဖြစ်ကာ တန်ခိုးကြီးဘုရားများ၊ စေတီပုထိုးများ ဖူးမြော်ခြင်းကိုလည်း ခွင့်ပြုဦးမည်မဟုတ်ကြောင်း၊ ထို့ပြင် လူစုလူဝေး ဖြစ်ပေါ်နိုင်သည့် လူထုအပန်းဖြေနေရာများ၊ ပန်းခြံ၊ ကလေးကစားကွင်း၊ စကိတ်ကွင်း၊ ဖူဆယ်ကွင်း၊ ဘောလုံးကွင်း၊ နိုက်ကလပ်၊ KTV ၊ ကာရာအိုကေ / စင်တင်တေးဂီတ၊ စတိတ်ရှိုးပွဲများ၊ ဗီဒီယိုရုံများ၊ ရုပ်ရှင်ရုံများ၊ အနှိပ်ခန်းများ စသည်တို့ကိုလည်း ဆက်လက်ပိတ်ထားရဦးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ယနေ့ ထုတ်ပြန်သည်။

“ဒီကာလမှာတော့ ဘယ်သူမဆို အပြင်ထွက်တိုင်း Mask တပ်ကြဖို့၊ မကြာခဏလက်ဆေးဖို့ စတဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေအားလုံး တစ်သဝေမတိမ်း လိုက်နာပေးကြဖို့လိုပါတယ် ” ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မည်သူမဆို ယခု Covid-19 ဒုတိယလှှိုင်းကာလအတွင်း Covid-19 ရောဂါပြန့်ပွားမှု ထိန်းချုပ်ခြင်းလုပ်ငန်းများကို အမျိုးသားရေးအသွင်မှတ်ယူ၍ လမ်းညွှွန်ချက်များနှင့် တားမြစ်ချက်များကို လိုက်နာကြရန်လိုအပ်ပြီး ညမထွက်ရအမိန့် အပါအဝင် လိုက်နာမှုမရှိသူများအားလုံးကို တည်ဆဲဥပဒေများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်မံသိရသည်။

မန္တလေးမြို့တွင်မူ မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ အမရပူရ စသော မြို့နယ်သုံးခုကို ယနေ့အထိ Stay at Home သတ်မှတ်ထားပြီး လမ်းအချို့၌ လမ်းအသွားအလာများ ကန့်သတ်ထားကြောင်း မန္တလေးမြို့ခံများက ပြောသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here