မန္တလေးတိုင်းအတွင်းရှိ   ယာဉ်နံပါတ်  ၄ဝယ  အောက်  125 CC   နှင့်အထက်ဆိုင်ကယ်များ လိုင်စင်သက်တမ်းတိုးရာတွင် Multi Stage Test Lane  ဖြင့်  စတင်စစ်ဆေး

770

မန္တလေးတိုင်းဒေသကြီးတွင် ယခင် က 250 CC နှင့်အထက်ဆိုင်ကယ် များသာ လိုင်စင်သက်တမ်း တိုးရာ၌ Multi Stage Test Lane ဖြင့် စစ်ဆေးခဲ့သော်လည်း ယခုအခါ ယာဉ်အန္တရာယ် လျှော့ချနိုင်ရေး အတွက်  ၄ဝယ အောက် 125 CC နှင့်အထက် ဆိုင်ကယ်များကိုပါ လိုင်စင်သက်တမ်းတိုးရာတွင် အဆိုပါစက်ဖြင့်  စတင်စစ်ဆေးနေကြောင်း မန္တလေးတိုင်းကညနရုံးမှ သိရသည်။

 

”အရင်ကတော့ 250 CC နဲ့ အထက် ဆိုင်ကယ်တွေပဲ လိုင်စင် သက်တမ်းတိုးရာမှာ Multi Stage Test Lane  နဲ့ စစ်ဆေးရတယ်၊ 250 CC နဲ့အထက် ဆိုင်ကယ်တွေကျတော့ အစီးရေနည်းတဲ့အတွက်ရော၊ မန္တလေးတိုင်းမှာ ယာဉ်အန္တရာယ် လျော့ကျနိုင်ရေးအတွက်ရော လိုအပ်ချက်အရ စက်တင်ဘာ ၁ ရက် ကစပြီး ၁ယ ကနေ ၄ဝယ ကြား 125 CC နဲ့အထက် ဆိုင်ကယ်တွေ အကုန်လုံးကို လိုင်စင်သက်တမ်း တိုးရာမှာ Multi Stage Test Lane  နဲ့ စစ်ဆေးရမှာပါ၊ အဓိကကတော့ ဆိုင်ကယ်ကြံ့ခိုင်မှု စစ်ဆေးတာဖြစ် လို့ သတ်မှတ်ချက်တွေ အောင်မှသာ လိုင်စင်သက်တမ်း တိုးပေးမှာ ဖြစ်ပါတယ်”ဟု ‘မန္တလေးတိုင်း ကညနရုံး’မှ တိုင်းဦးစီးမှူး ဦးနေလင်းက ပြောကြားသည်။

 

မန္တလေးတိုင်းအတွင်း ဆိုင်ကယ် ကြံ့ခိုင်မှု အားနည်းခြင်းကြောင့် ဖြစ်ပွားသောယာဉ်အန္တရာယ် လျှော့ချနိုင်ရန်အတွက် ဆိုင်ကယ်နံပါတ် ၄ဝယ အောက် 125 CC နှင့် အထက် ဆိုင်ကယ်များကို စက်တင်ဘာ ၁ ရက်မှစတင်၍ ရှေ့မီးကြီး လင်းအား ကောင်း မကောင်း၊ ဘရိတ်မိ မမိ၊ မီးခိုးထွက်နှုန်း၊ အိပ်ဇောမှ အသံဆူညံမှု အခြေအနေ၊ ရှေ့/နောက်ခွေအလိုင်းမန့် ညီ မညီ စသည့်အစိတ်အပိုင်းများကို Multi Stage Test Lane  ဖြင့် စစ်ဆေးနေပြီး စက်တွင် အောင်မှတ်သတ်မှတ်ချက် ကျော်လွန်မှသာ လိုင်စင်သက်တမ်း တိုးပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းကညနရုံးမှ ထပ်မံ သိရသည်။

”၄ဝယ အောက် 125 CC နဲ့အထက် ဆိုင်ကယ်တွေ လိုင်စင်သက်တမ်းတိုးရင် စွယ်တော်ကညနရုံးမှာ Multi Stage Test Lane  နဲ့ ပထမသွားစစ်ရပါမယ်၊ အဲဒီကနေ အောင်မြင်ပြီဆိုမှ ခရိုင်ရုံးတွေဆီလာပြီး လိုင်စင်သက်တမ်းတိုးရမှာပါ၊ စစ်ဆေးလို့ သတ်မှတ်ထားတဲ့ အတိုင်း အောင်မြင်မှုမရှိရင် ကြံ့ခိုင်မှုကောင်းအောင် ပြင်ဆင်ဖို့ ပြန်လွှတ်တယ်၊ ပြင်ပြီးပြီဆိုမှ ပြန်လာပြန်စစ်ပေါ့၊ အဓိကကတော့ ၄ဝယ အောက် ဆိုင်ကယ်တွေ အများစုက ကြံ့ခိုင်မှု အရမ်းအားနည်းနေတဲ့အတွက် အန္တရာယ်များလို့ အခုလို လုပ်ဆောင်ရတာပါ”ဟု မန္တလေးတိုင်းကညနရုံးမှ တိုင်းဦးစီးမှူး ဦးနေလင်းက ထပ်မံဆိုသည်။

 

မန္တလေးတိုင်းအတွင်းရှိ 250 CC နှင့်အထက် ဆိုင်ကယ်များအပါအဝင် အုံနာဘုတ်ပျောက်ဆိုင်ကယ် များ၊ နယ်အဝင် ဆိုင်ကယ်များကို Multi Stage Test Lane  ဖြင့် ဇွန်လနှင့် ဇူလိုင် နှစ်လတာအတွင်း ၄၃၄ စီး စစ်ဆေးပေးခဲ့ပြီး ရှေ့မီး မလင်းမှုနှင့် ဘရိတ်မမိသည့် ပြစ်ချက် အများဆုံးတွေ့ရကြောင်း မန္တ လေးတိုင်း စွယ်တော်ကညနရုံးမှ တာဝန်ရှိသူများက ပြောသည်။

 

”၄ဝယ အောက် ဆိုင်ကယ် တွေ အများစုက ကောင်းတဲ့ဆိုင်ကယ် အရမ်းနည်းသွားပြီ၊ စုတ်ချာနေတဲ့ ဆိုင်ကယ်တွေက များနေတယ်၊ အခုလို ကြံ့ခိုင်မှုစစ်ဆေးပြီးမှ လိုင်စင်သက်တမ်း တိုးပေးမယ်ဆိုတော့ ဆိုင်ကယ်စီးသူတွေအတွက် Safety ဖြစ်ပြီး ကိုယ့်ဆိုင်ကယ်ကို ဂရုတစိုက် ထိန်းသိမ်းပြီးသားဖြစ် သွားတာပေါ့”ဟု ပြည်ကြီးတံခွန် မြို့နယ်တွင်နေထိုင်သူ မန္တလေးမြို့ ခံ ကိုညီညီနိုင်က ၎င်းအမြင်ကိုပြောသည်။

 

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here