မန္တလေးတိုင်းအတွင်းရှိ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် ပါ၀င်ပေးကြသော မြန်မာနိုင်ငံ လူမှုကယ်ဆယ်​ရေး အဖွဲ့များအတွက် တိုင်းအစိုးရအဖွဲ့က စက်သုံးဆီဂါလန် ရှစ်​ထောင်ကျော်ထောက်ပံ့

61

 

မန္တ​လေး၊ ​အောက်တိုဘာ ၁၁

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ Covid-19 ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါ၀င်ကူညီပေးကြသော မြန်မာနိုင်ငံ လူမှုကယ်ဆယ်​ရေး အဖွဲ့များအတွက် မန္တလေးတိုင်းအစိုးရအဖွဲ့က စက်သုံးဆီများနှင့် Covid-19 ရောဂါ ကာကွယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

“မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ တိုင်းဒေသကြီးရုံးနဲ့ မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မိတ္ထီလာ၊ မြင်းခြံ၊ ရမည်းသင်း၊ ညောင်ဦးခရိုင်တွေကို စက်သုံးဆီဂါလန် ရှစ်​ထောင်ကျော်အတွက် ကုန်ကျငွေနဲ့ PPE ၀တ်စုံ နှစ်​ထောင်ကျော်၊ Hand Gel နှစ်ရာကျော်ကို ထောက်ပံ့ခဲ့ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

Covid-19 စဖြစ်ချိန်မှစ၍ အားတက်သရော ဆောင်ရွက်ပေးကြသည့် လူမှုကယ်ဆယ်ရေးအသင်းများသည် ကိုယ့်ဆီနှင့် ကိုယ့်လုပ်အား ကိုယ်ပေးကာ အလှူရှင်များနှင့် ရပ်တည်နေကြရသည့်အတွက် အစိုးရအနေဖြင့် မည်သို့ပံ့ပိုးပေးနိုင်မည်ကို သုံးသပ်ရကြောင်း၊ ရက်ရှည်၊ လချီဖြစ်လာသည့်အတွက် တာ၀န်ရှိပုဂ္ဂိုလ် အုပ်ချုပ်ရေးပိုင်းက ထွေ/အုပ်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရဲတပ်ဖွဲ့နှင့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များ၊ ပရဟိတအလုပ်များကို ဆောင်ရွက်နေသည့် အဖွဲ့များအားလုံး နေ့စဉ်ပင်ပန်းလာကြသည့်အပြင် ရပ်တည်ရေးလည်း ခက်ခဲလာကာ စက်သုံးဆီ လိုအပ်နေသည်ကို သိရှိရသည့်အတွက် ယင်းသို့ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

“အလှူရှင်တွေလည်း ပင်ပန်းလာကြတယ်၊ စက်သုံးဆီ လိုအပ်နေတယ်ဆိုတာ သိပါတယ်၊ တတ်နိုင်သမျှ အကုန်လုံး ပေးချင်လို့ ညှိရပါတယ်၊ ပိုးတွေ့တဲ့သူ များတဲ့အပေါ်မှာ မူတည်ပြီး မြို့နယ်တွေကို ခွဲတမ်းပေးရတာဖြစ်ပါတယ်၊ လိုလိုချင်ချင် စိတ်ရောကိုယ်ပါပေးခြင်းဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ထပ်မံဆိုသည်။

မန္တလေးတိုင်းတွင် Covid-19 ရောဂါ ဖြစ်ပွားမှု တဖြည်းဖြည်းများလာသည့်အပြင် မန္တလေးတိုင်း မြို့နယ် ၂၈ မြို့နယ်အနက် သုံးမြို့နယ်သာ ကျန်ရှိတော့ကာ ယခုကဲ့သို့ အမျိုးသားရေးနှင့်ဆိုင်သော Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် ဆောင်ရွက်ပေးနေသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ထပ်မံပြောကြားသည်။

လူမှုကူညီရေးအသင်းများအား စက်သုံးဆီဂါလန် ရှစ်​ထောင်ကျော်အတွက် ကုန်ကျငွေနှင့် Covid-19 ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့လှူဒါန်းမှုကို အောက်တိုဘာ ၉ ရက်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့ကာ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့အသီးသီးရှိ တာ၀န်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ- Dr Zaw Myint Maung Facebook Page

LEAVE A REPLY

Please enter your comment!
Please enter your name here