မန္တလေးတိုင်းအစိုးရအဖွဲ့  ရန်ပုံငွေဖြင့် စည်ပင်လုပ်ငန်းသုံးယာဉ် ၃၃ စီး ထပ်မံဝယ်ယူမည်

470

မန္တလေး၊ မတ်

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းအသီးသီးတွင် အသုံးပြုရန်အတွက် လုပ်ငန်းသုံးယာဉ် ၃၃ စီးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် လာမည့် ၂ဝ၁၈-၂ဝ၁၉ ဘတ်ဂျက်နှစ် ခြောက်လတာအတွင်း ထပ်မံဝယ်ယူသွားမည်ဖြစ်ကြောင်း စက်ရုံနှင့် မော်တော်ယာဉ်ဌာနမှ သိရသည်။

”အခု ၂ဝ၁၇-၂ဝ၁၈ ဘတ်ဂျက်နှစ်ထဲမှာ မန္တလေးစည်ပင်ကနေ လုပ်ငန်းသုံးယာဉ် အစီးငါးဆယ် ထပ်ဖြည့် ဝယ်ယူနိုင်ခဲ့ပါတယ်၊ ဒါကတော့ စည်ပင်ဘတ်ဂျက်နဲ့ပေါ့၊ လာမယ့် ဘတ်ဂျက်နှစ်ထဲမှာတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေ နဲ့ လုပ်ငန်းသုံးယာဉ် ၃၃ စီး ထပ်မံဝယ်ယူသွားပါမယ်၊ အဲဒီအတွက်လည်း ဘတ်ဂျက်ကျထားပြီးဖြစ် လို့ လာမယ့် ဧပြီလကနေ စက်တင်ဘာလအတွင်း ဝယ်ယူဖြစ်ပါမယ်”ဟု ‘မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ စက်ရုံနှင့် မော်တော်ယာဉ်ဌာန’ ကော်မတီဝင် ဦးကျော်ဇေယျက ပြောသည်။

အဆိုပါ ၂ဝ၁၈-၂ဝ၁၉ ဘတ်ဂျက်နှစ်အတွင်း ထပ်တိုးဝယ်ယူမည့် လုပ်ငန်းသုံးယာဉ် ၃၃ စီးတွင် Dump Truck (၁ဝ ဘီးယာဉ်) ၁ဝစီး၊ အမှိုက်ပုံးသယ်ယာဉ်ငါးစီး၊ သုံးဘီး Roller နှစ်စီး အပါအဝင် အခြားလမ်းနှင့် တံတားလုပ်ငန်းနှင့် သန့်ရှင်းရေးလုပ်ငန်းသုံးယာဉ်များ ပါဝင်မည် ဖြစ်ပြီး ကျပ်သန်းပေါင်း ၂,၄၇၅ ဒသမ ၇၁၅ သန်း သုံးစွဲသွားမည် ဖြစ်ကြောင်း၊ ယခု ၂ဝ၁၇-၂ဝ၁၈ ဘတ်ဂျက်နှစ်အတွင်း၌လည်း သုံးဘီး ဆိုင်ကယ်၊ ကတ္တရာကျိုစက်၊ နှစ်ဘီး လမ်းကြိတ်စက်၊ Dump Truck ၊ TC အမှိုက်သိမ်းယာဉ်၊ RC အမှိုက်သိမ်းယာဉ်၊ Light Truck စသော လုပ်ငန်းသုံးယာဉ် အစီးငါးဆယ် ဝယ်ယူခဲ့ပြီး ကျပ်သန်းပေါင်း ၂၅,၃၂၉ ဒသမ ၁ သန်း သုံးစွဲခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

”ဒီဘတ်ဂျက်နှစ်ထဲမှာ လုပ်ငန်းသုံးယာဉ် အစီးငါးဆယ် ထပ်ဖြည့်တယ်ဆိုပေမဲ့ မြို့တော်ဖွံ့ဖြိုးရေး အတွက် လုပ်ငန်းလုပ်ဆောင်တဲ့နေရာမှာ လုံလောက်မှုမရှိသေးပါဘူး၊ ဘာလို့ဆို တချို့ယာဉ်တွေက ယာဉ်အို/ဟောင်း စာရင်းထဲမှာ ပါဝင်နေတဲ့အတွက် မြင်းခြံ သံရည်ကျိုစက်ရုံကို အပ်လိုက်ရတဲ့ယာဉ်တွေလည်းရှိပါတယ်၊ အဲဒီအပ်နှံလိုက်ရတဲ့ယာဉ်တွေနေရာမှာ ပြန်လည် အစားထိုးရတာတွေရော လုပ်ငန်းတွေ ပိုမိုလုပ်နိုင်ဖို့ပါ ယာဉ်တွေကို ထပ်ဖြည့်ဖို့ စီစဉ်ရခြင်းဖြစ်ပါတယ်၊ ဒါကြောင့်လည်း လွှတ်တော်ကတစ်ဆင့် တိုင်းအစိုးရအဖွဲ့ဆီ ဘတ်ဂျက်တောင်းခံထားရတာပါ”ဟု စက်ရုံ နှင့် မော်တော်ယာဉ်ဌာန ကော်မတီဝင်ဦးကျော်ဇေယျက ရှင်းပြသည်။

ယခု ဘတ်ဂျက်နှစ်အတွင်း ထပ်မံဖြည့်တင်းသော ယာဉ်မျိုးစုံ အပါအဝင် လာမည့်ဘတ်ဂျက်နှစ်အတွင်း ထပ်ဖြည့်မည့် လုပ်ငန်းသုံးယာဉ်များကို မန္တလေး မြို့တွင်းမြို့နယ်ခြောက်မြို့နယ်အတွက် အသုံးပြုသွားမည်ဖြစ်ပြီး အမှိုက်သိမ်းဆည်းမှု နေ့စဉ်မှန်မှန်လုပ်ဆောင်နိုင်ရေး၊ ဘတ်ဂျတ် အလေအလွင့်မရှိစေရေးတို့ပါ ကြပ်မတ်ဆောင်ရွက်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက ဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

 

LEAVE A REPLY

Please enter your comment!
Please enter your name here