မန္တလေးတိုင်းအစိုးရနှင့် လွှတ်တော်သဘောတူပါက သမိုင်း၀င်လမ်း ကိုးခုကို အမည်ပြောင်းပေးမည်ဟု မန္တလေးမြို့တော်၀န်ပြော

168

 

မန္တ​လေး၊ ​ဇွန် ၁၀

မန္တလေးမြို့ရှိ ရတနာပုံခေတ်ကတည်းက သတ်မှတ်ခေါ်ဆိုခဲ့သည့် အမည်များ အပါအ၀င် သမိုင်း၀င်လမ်းမကြီး ကိုးခုကို တိုင်းဒေသကြီးအစိုးရနှင့် လွှတ်တော်သဘောတူပါက အမည်ပြောင်းပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော်၀န် ဒေါက်တာရဲလွင်က ပြောကြားသည်။

“မန္တလေးမြို့ရဲ့ လမ်းမများ စနစ်တကျ သတ်မှတ်နေချိန်မှာ အဲဒီလမ်းမကြီး ကိုးခုကို ပြန်လည်ဖော်ထုတ်ပြီး ဖြည့်စွက်သတ်မှတ်မယ်ဆိုရင်​တော့ အသုံးပြုမယ့် လမ်းအမည်​တွေကို တိုင်းဒေသကြီးအစိုးရနဲ့ လွှတ်တော်က အတည်ပြုဆုံးဖြတ်ပေးရင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ပြီးခဲ့သည့် ဇွန် ၉ ရက်က ကျင်းပသော ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၁၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)တွင် အောင်မြေသာစံမဲဆန္ဒနယ်အမှတ် (၂)မှ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဦး၏ ‘မန္တလေးမြို့တော်ကြီး၏ နိုင်ငံတကာအဆင့်မီရန် လမ်းနံပါတ်များကို စနစ်တကျပြောင်းလဲတပ်ဆင်နေချိန်တွင် သမိုင်း၀င်လမ်းမကြီး ကိုးခုကို န၀တခေတ်မတိုင်မီက ရှိခဲ့သည့်အတိုင်း ဖြည့်စွက်ပြောင်းလဲသတ်မှတ်ရန် အစီအစဉ်ရှိ/မရှိ’ မေးခွန်းနှင့်စပ်လျဉ်း၍ ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

နန်းတွင်းနှင့် နန်းပြင် ဆက်သွယ်ရန် ကျုံးကို ဖြတ်ကျော်ထားသည့် တံတားများ၏ အမည်အတိုင်း ၇၃ လမ်းကို မင်္ဂလာလမ်း၊ ၂၂ လမ်းကို အာဠဝီလမ်း၊ ၁၉ လမ်းကို စည်ရှင်လမ်းနှင့် ၇၆ လမ်းကို စည်သာလမ်းဟု ရတနာပုံခေတ်က အသီးသီးမည့်ခေါ်ခဲ့သည့်အပြင် န၀တခေတ်မတိုင်မီက ၂၆ လမ်းကို အာဇာနည်လမ်း၊ ၈၄ လမ်းကို ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ၄၂ လမ်းကို ဗိုလ်ဗထူးလမ်း၊ လမ်း ၈၀ ကို ရဲဘော်ဗဟိန်းလမ်း၊ ၃၁ လမ်းကို ဦးစန္ဒိမာလမ်းဟု အသီးသီး သတ်မှတ်ခေါ်ဆိုခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့သည့် ဒေါက်တာကျော်ဦးက ပြောဆိုသည်။

“ဒီလမ်းတွေက နိုင်ငံနဲ့လူမျိုးအတွက် အသက်ကို ပဓာနမထားဘဲ ကြိုးပမ်းအားထုတ်ခဲ့တဲ့ ပုဂ္ဂိလ်ထူး၊ ပုဂ္ဂိုလ်မြတ်များ၊ အာဇာနည်များကို မန္တလေးသူမန္တလေးသားတွေက ဂုဏ်ပြုထားတဲ့လမ်းတွေ ဖြစ်ပါတယ်၊ အဲဒီလမ်းမ ကိုးခုကို န၀တအစိုးရလက်ထက်မှာ ပြောင်းလဲခဲ့ပြီး ယနေ့အထိ ပြန်လည်မသတ်မှတ်နိုင်သေးပါဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

လမ်းအမည်များ ယင်းသို့ ပြန်လည်သတ်မှတ်ခြင်းကြောင့် မန္တလေးမြို့ ဖွံ့ဖြိုးတိုးတက်စေမည်မဟုတ်သော်လည်း မန္တလေး၏သမိုင်းကို ပြန်လည်ဖော်ထုတ်သည့်အနေဖြင့် မေးခွန်းမေးမြန်းရခြင်းဖြစ်ကာ မန္တလေးမြို့ကို လူအများက ချစ်ခင်ခြင်း၊ ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်ခြင်းတို့သည် သမိုင်းဆိုင်ရာ အချက်အလက်များကြောင့်ဖြစ်ကြောင်း ဒေါက်တာကျော်ဦးက ထပ်မံပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)
မန္တလေးမြို့ ၈၄ လမ်းအား တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here