မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ (ယကက)က Covid-19 ကာလအတွင်း ရပ်နားထားရသည့် ယာဉ်လိုင်းများအတွက် ဆန်အိတ်များ ထောက်ပံ့မည်

129

 

မန္တ​လေး၊ ​အောက်တိုဘာ ၁၄

မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်မှု ကော်မတီ (ယကက)က Covid-19 ကာလအတွင်း ရပ်နားထားရသည့် ခရီးသည်တင်ယာဉ်လိုင်းများကို လာမည့် အောက်တိုဘာ ၁၆ ရက်မှစတင်၍ ဆန်အိတ်များထောက်ပံ့သွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီမှ သိရသည်။

” Covid-19 ကာလအတွင်း ယာဉ်လိုင်းတွေရပ်နားထားရတာ တအားကြာနေပြီဖြစ်တဲ့အတွက် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ စား၀တ်နေရေးအခက်အခဲရှိလာနိုင်တယ်၊ ဒါကြောင့် သူတို့အတွက် အထောက်အပံ့တစ်ခုဖြစ်အောင်ဆိုပြီး ဆန်အိတ်တွေဝေသွားမှာပါ” ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ(ယကက) ဥက္ကဌ ဦးအောင်ကျော်လင်းက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ(ယကက)အောက်တွင် ယာဉ်အသင်းပေါင်း ၅၅၈ သင်း ရှိသည့်အနက် ယာဉ်ကြီးကြပ်ခ ပုံမှန်ပေးသွင်းသည့် အသင်းပေါင်း ၃၀၆ သင်းရှိကာ ယာဉ်ကြီးကြပ်ခပေးသွင်းမှု မပြည့်မီသည့် ယာဉ်အသင်းပေါင်း ၂၀၈ သင်းရှိကြောင်း၊ အဆိုပါယာဉ်လိုင်းများထဲမှ ယာဉ်ကြီးကြပ်ခပေးသွင်းမှုအပေါ် မူတည်၍ ဆန်အိတ်များကို ခွဲဝေထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်တွင် ပြည်ကြီးမျက်ရှင်ကားကွင်းနှင့် ဒေါနဘွားကားကွင်းရှိ ယာဉ်အသင်းများကို စတင်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီမှ ထပ်မံသိရသည်။

“လာမယ့် ၁၆ ရက်ဆိုရင် ပြည်ကြီးမျက်ရှင်ကားကွင်းက ယာဉ်အသင်းတွေကို နံနက် ၉ နာရီနဲ့ ၁၂ နာရီကြား တစ်ကြိမ်ဝေမယ်၊ ဒေါနဘွားကားကွင်းက ယာဉ်အသင်းတွေကို နေ့လယ် ၁ နာရီနဲ့ ၄ နာရီကြား တစ်ကြိမ် ထုတ်ပေးသွားမယ်၊ အောက်တိုဘာ ၁၇ ရက်မှာတော့ သီရိမန္တလာကားကွင်းက ယာဉ်အသင်းတွေကို ထောက်ပံ့ပေးသွားမယ်၊ ကျွဲဆည်ကန်ကားကြီးကွင်း (ချမ်းမြရွှေပြည်)က ယာဉ်အသင်းတွေကိုတော့ အောက်တိုဘာ ၁၈ ရက်မှာ ထောက်ပံ့ပေးသွားမယ်” ဟု အဆိုပါကော်မတီ ဥက္ကဌ ဦးအောင်ကျော်လင်းက ထပ်မံပြောသည်။

မန္တလေးမြို့အခြေစိုက် ခရီးသည်တင်ယာဉ်လိုင်းများ Covid-19 ဒုတိယလှိုင်းကာလအတွင်း ယာယီရပ်နားထားရသည့်အတွက် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ စားရေးသောက်ရေး အဆင်ပြေစေရန် ယင်းသို့ထောက်ပံ့ပေးခြင်းဖြစ်ပြီး ကျပ်သိန်းပေါင်း ငါးရာကျော်တန်ဖိုးရှိ ဆန်အိတ်ပေါင်း ၁,၉၅၀ ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီမှ ထပ်မံသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ- Aung Kyaw Lin FB

LEAVE A REPLY

Please enter your comment!
Please enter your name here