မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရီးသည်တင်ယာဉ်လိုင်းများအားလုံး ယာဉ်မထွက်ခွာမီ ပိုးသန့်စင်ခြင်း လုပ်ဆောင်ရမည်

250

 

မန္တလေး၊ ဇွန် ၂

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရီးသည်တင်ယာဉ်လိုင်းများအားလုံး ယာဉ်မထွက်ခွာမီ ပိုးသန့်စင်ခြင်းလုပ်ဆောင်ရမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

မန္တလေးတိုင်းဒေသကြီးပြင်ပ ရောဂါပိုးတွေ့ရှိသူများပြားသည့်ဒေသမှ ဝင်/ထွက်သွားလာနေသည့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းများမှအပ ကျန်အခြားဒေသမှ ဝင်ထွက်သွားလာနေသည့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စံသတ်မှတ်ချက်၊ လမ်းညွှန်ချက်၊ အကြံပြုသတ်မှတ်ချက်များနှင့်အညီလုပ်ဆောင်၍ ဇွန် ၁ ရက်မှစ၍ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ကြောင်း၊ ထို့ပြင် ယာဉ်ပေါ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော Physical Distancing နှင့် Mask တပ်ဆင်ခိုင်းခြင်း၊ Sanitizer ထားရှိခြင်း ကြိုတင်ဆောင်ရွက်ရမည်ဖြစ်ကာ ယာဉ်ကိုလည်း ခရီးမထွက်ခွာမီတိုင်း ပိုးသန့်စင်ရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း Covid-19 ရောဂါပိုး ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် နေ့စဉ် ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရ Curfew အမိန့်ကို ဆက်လက်ထားရှိ ဆောင်ရွက်သွားဦးမည်ဖြစ်ကာ အဆိုပါ တားမြစ်ဆောင်ရွက်မှုကို ဇွန် ၁၅ ရက်အထိ ပြည်သူများအားလုံး လိုက်နာရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်မံသိရသည်။

လတ်တလောတွင် မန္တလေးတိုင်းအတွင်းနှင့် တိုင်းဒေသကြီးပြင်ပ မြို့နယ်များသို့ ပြေးဆွဲသော ခရီးသည်တင်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲခွင့်ရပြီဖြစ်သော်လည်း လူစုလူဝေးဖြစ်ပေါ်နိုင်သည့် လူထုအပန်းဖြေနေရာများ၊ ပန်းခြံများ၊ စကိတ်ကွင်း၊ ဖူဆယ်ကွင်း၊ ဘောလုံးကွင်း၊ ကိုယ်ကာယကြံ့ခိုင်မှုဝန်ဆောင်မှုလုပ်ငန်းများ၊ ရုပ်ရှင်ရုံများ၊ ပွဲလမ်းသဘင်များ စသည်တို့မှာမူ ဆက်လက်ပိတ်ထားရဦးမည်ဖြစ်သည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here