မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားခွင့်ပြုပါက နေ့ချင်းပြန်ခရီးစဉ်များသွားလာနိုင်ရန် တင်ပြထား

93

 

မန္တလေး၊ ဒီဇင်ဘာ
Covid-10 ကပ်ရောဂါ ထိန်းချုပ် နေဆဲ မန္တလေးတိုင်းဒေသကြီး အတွင်း ခရီးသွားခွင့်ပြုပါက နေ့ ချင်းပြန်ခရီးစဉ်များ သွားလာနိုင်ရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သို့ တင်ပြထားကြောင်း ခရီးသွားလုပ်ငန်းနယ်ပယ်မှ သိရသည်။

“မန္တလေးပတ်ဝန်းကျင် နေ့ ချင်းပြန်ခရီးစဉ်တွေပေါ့နော်၊ နေ့ချင်းပြန်လို့ ပြောတဲ့အခါမှာကပ်ရောဂါနဲ့ပတ်သက်ပြီး လူစုလူဝေးမဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဆောင်ရွက်ဖို့အတွက် စက်ဘီးစီးတဲ့ခရီးစဉ်တွေ လမ်းကြောင်းတချို့တင်ပြထားတာရှိပါတယ်၊ အဲဒီလိုပဲ ငှက်ကြည့်ခရီးစဉ်လိုမျိုး သဘာဝအခြေခံခရီးသွားလုပ်ငန်းနဲ့ တွဲဖက်ပြီးတော့ သဘာဝပတ်ဝန်းကျင် လှပတဲ့နေရာတွေမှာပဲ အများပြည်သူ အပန်းဖြေနိုင်ဖို့ ဒါမျိုးကိုလည်း တင်ပြထားတာရှိပါတယ်”ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း (မန္တလေး)မှ ဦးသန့်ဇော်က ပြောကြားသည်။

လက်ရှိတွင် မန္တလေးတိုင်း ဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ခွင့်ပြုနိုင်မည့် အနေအထား မရှိသေးသော်လည်း အဆိုပါနေ့ ချင်းပြန်ခရီးစဉ်များ သွားလာနိုင်ရန် ကြိုတင်ပြင်ဆင်ထားကာ ခွင့်ပြုချက်ရရှိပါက မန္တလေးပတ်ဝန်းကျင်တွင် လူစုလူဝေးမဖြစ်စေဘဲ ဆောင်ရွက်နိုင်မည့် အရာများစွာရှိကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

“ခရီးသွားတွေ ပြန်ဖွင့်တာနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်း နေ့ချင်းပြန် ခရီးစဉ်မျိုးတွေ စနိုင်ဖို့လုပ်နေတယ်၊ ဒီအတွက်လည်း အသင်းအဖွဲ့ ကဏ္ဍအသီးသီးကနေ သက်ဆိုင်ရာဒေသဆိုင်ရာ ကော်မတီ၊ သက်ဆိုင်ရာဌာနတွေ အကြံပြုနေတာတွေ၊ တိုက်တွန်းနေတာတွေ၊ ကွင်းဆင်းဆောင်ရွက်နေတာ တွေရှိပါတယ်၊ အဓိကကတော့ ရောဂါ ထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့ ဖြေလျှော့မှုအပိုင်းတွေ ရလာဖို့ရယ်၊ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရရဲ့ ခွင့်ပြုချက် သဘောတူညီမှု ရလာဖို့ရယ် ဒါတွေ လိုနေပါတယ်၊ ခွင့်ပြုချက်ရတာနဲ့ အကောင်အထည်ဖော်သွားမယ်”ဟု မန္တလေး ဧည့်လမ်းညွှန်များအသင်း ဥက္ကဋ္ဌ ဦးဝင်းဇော်ဦးက ဆိုသည်။

မန္တလေး အနီးဝန်းကျင်တွင် စိန်ခနောက်တောင်၊ လေးထပ်ရေတံခွန်၊ ခြောက်ထပ်ရေတံခွန်၊ ကုန်းတန် ရေတံခွန်၊ ကျိုက်ထီးရိုးလေး အစရှိသော တောင်တက်ခရီးစဉ် များ၊ အလည်အပတ်ခရီးစဉ်များ များစွာရှိပြီး ထိုသို့ နေ့ချင်းပြန်ခရီးစဉ်များ အကောင်အထည်ဖော်နိုင် ပါက Covid-19 ကြောင့် ထိခိုက်ခဲ့ရသော ခရီးသွားလုပ်ငန်းသည် ပြန်လည်ဦးမော့လာစေမည့် အစပျိုးမှုတစ်ခုဖြစ်ကြောင်း ၎င်းတို့က ထပ်မံပြောဆိုသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here