မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ယာဉ်မောင်း အပါအ၀င် ​လေးဦးထက်ပိုသော အိမ်စီးကားများ ၀င်ရောက်ခွင့်ပြုမည်မဟုတ်

397

 

မန္တ​လေး၊ ​အောက်တိုဘာ ၁၃

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ကုန်စည်စီးဆင်းမှုအတွက် ၀င်ထွက်သွားလာနေသော ကုန်တင်ယာဉ်များနှင့် သာမန်အိမ်စီးကားများသာ လတ်တလော ၀င်ရောက်ခွင့်ပြုသွားမည်ဖြစ်သော်လည်း ယာဉ်မောင်းအပါအ၀င် ​လေးဦးထက်ပိုသော အိမ်စီးကားများကို ၀င်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း မန္တလေးတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

“လောလောဆယ်မှာ ကုန်တင်ကားနဲ့ အိမ်စီးကားပဲ ၀င်ခွင့်ပေးထားတယ်၊ အရင်တုန်းက အိမ်စီးကားတွေကို ယာဉ်မောင်း အပါအ၀င် ခုနစ်ဦးထက်ပိုမှ ၀င်ခွင့်မပြုတာ၊ အခုကျတော့ အိမ်စီးကားတွေအားလုံး ယာဉ်မောင်း အပါအ၀င် ​လေးဦးအထိပဲ လိုက်ပါခွင့်ပြုတော့မယ်၊ ​လေးဦးထက်များရင် ၀င်ခွင့်ပေးသွားမှာမဟုတ်ဘူး” ဟု မန္တလေးတိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးသို့ ယခုအခါ ခရီးသည်တင်ပို့ဆောင်ရေးယာဉ်လိုင်းများအားလုံးနှင့် အလည်အပတ် သွားရောက်သည့် အိမ်စီးကားများကိုလည်း ၀င်ထွက်သွားလာခွင့် ယာယီပိတ်ထားမည့်အပြင် ယာဉ်မောင်း အပါအ၀င် ​လေးဦးထက်ပိုသော အိမ်စီးကားများကို ၀င်ခွင့်ပြုမည်မဟုတ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနမှ သိရသည်။

“အရင်တုန်းကတော့ ခရီးသည်တင်ယာဉ်လိုင်းတွေအနေနဲ့ ခရီးသည်မပါဘဲ ကုန်စည်သီးသန့်ပြေးတယ်ဆိုရင် ခွင့်ပေးတယ်၊ အခု ခရီးသည်တင်ယာဉ်လိုင်းတွေအားလုံး ၀င်ထွက်သွားလာခွင့် လုံး၀ခွင့်မပြုတော့ပါဘူး၊ အိမ်စီးကားတွေလည်း သတ်မှတ်စည်းကမ်းချက်နဲ့အညီ လိုက်နာသွားရမယ်” ဟု အဆိုပါဌာနမှ တာ၀န်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

မန္တလေးတိုင်းဒေသကြီးသို့ ၀င်ရောက်နိုင်မည့် လမ်းကြောင်းနေရာများတွင် လက်ရှိ၌ စစ်ဆေးရေးဂိတ် ၁၀ ဂိတ်ဖွင့်လှစ်ထားပြီး တိုင်းအတွင်း ၀င်ရောက်မည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကိုလည်း Covid-19 ပိုးရှိမရှိ Test Kit ဖြင့် စစ်ဆေး၍ Covid-19 ပိုးမရှိကြောင်း Negative ပြမှသာ ၀င်ရောက်ခွင့်ပြုလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here