မန္တလေးတိုင်းဒေသကြီးအတွင်းမှ စတင်ထွက်ခွာမည့် ကုန်တင်ယာဉ်များအ​နေဖြင့် သွားရောက်မည့် သက်ဆိုင်ရာ နယ်စပ်စစ်ဆေးရေးစခန်းများတွင်သာ Covid-19 ပိုးရှိမရှိ စစ်ဆေးမှုခံယူရမည်

156

မန္တ​လေး၊ ​အောက်တိုဘာ ၇

မန္တလေးတိုင်းဒေသကြီးမှ စတင်ထွက်ခွာမည့် ကုန်တင်ယာဉ်များကို ယနေ့မှစ၍ RDT Test Kit ဖြင့် စစ်ဆေးပေးတော့မည်မဟုတ်ဘဲ သွားရောက်မည့် တိုင်းနှင့်ပြည်နယ်များရှိ သက်ဆိုင်ရာ နယ်စပ်စစ်ဆေးရေးစခန်းများတွင်သာ Covid-19 ပိုးရှိမရှိ စစ်ဆေးမှုခံယူသွားရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) မှ သိရသည်။

“မန္တလေးတိုင်းထဲက ထွက်ခွာမယ့် ကုန်တင်ယာဉ်တွေရဲ့ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေအနေနဲ့ လိုက်နာဆောင်ရွက်ရမယ့် SOP ထွက်ရှိလာပါတယ်၊ အဓိကကတော့ မန္တလေးတိုင်းထဲက ထွက်ခွာရင် RDT Test Kit နဲ့ စစ်ဆေးပေးတာ မလုပ်တော့ဘူး၊ သွားရောက်မယ့် သူ့သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် အ၀င် နယ်စပ် စစ်ဆေးရေးစခန်းတွေမှာ စစ်ဆေးဖို့ဆိုပြီး မန္တလေးတိုင်းအစိုးရအဖွဲ့ကနေ ညွှန်ကြားလာတယ်ပေါ့နော်၊ ဒါနဲ့ ကျွန်တော်တို့အသင်းကနေ ကုန်တင်ယာဉ်တွေနဲ့ ဆက်စပ်လုပ်ကိုင်သူတွေအားလုံး သိရှိအောင်ဆိုပြီး ပြန်လည်ထုတ်ပြန်ပေးတာပါ” ဟု MRCCI မှ အတွင်းရေးမှူး ဦးဥက္ကာကျော်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးမှ နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာ၀တီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းသို့ သွားရောက်မည့် ကုန်တင်ယာဉ်များအနေဖြင့် နေပြည်တော် နယ်စပ်စစ်ဆေးရေးစခန်းတွင်လည်းကောင်း၊ မန္တလေးတိုင်းမှ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်သို့ သွားရောက်မည့် ကုန်တင်ယာဉ်များအနေဖြင့် မကွေးတိုင်း နယ်စပ်စစ်ဆေးရေးစခန်းတွင်လည်းကောင်း၊ မန္တလေးတိုင်းမှ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်သို့ သွားရောက်မည့် ကုန်တင်ယာဉ်များအနေဖြင့် စစ်ကိုင်းတိုင်း နယ်စပ်စစ်ဆေးရေးစခန်းတွင်လည်းကောင်း၊ မန္တလေးတိုင်းမှ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်သို့ သွားရောက်မည့် ကုန်တင်ယာဉ်များအနေဖြင့် ရှမ်းပြည်နယ် နယ်စပ်စစ်ဆေးရေးစခန်းတွင်လည်းကောင်း RDT Test Kit ဖြင့် စစ်ဆေးမှုခံယူရမည်ဟု MRCCI က ထုတ်ပြန်သည်။

“မန္တလေးတိုင်းက ထွက်ခွာမယ့် ကုန်တင်ယာဉ်တွေရဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို မစစ်ဆေးပေးတော့ပေမဲ့ မန္တလေးတိုင်းကို ၀င်လာမယ့် ကုန်စည်ပို့ဆောင်ရေးကားတွေအားလုံးကိုတော့ မန္တလေးတိုင်းအ၀င် စစ်ဆေးရေးစခန်း ၁၀ ခု ဖွင့်ထားတဲ့ဆီမှာ RDT Test Kit နဲ့ စစ်ဆေးပေးသွားမှာပါ” ဟု MRCCI မှ အတွင်းရေးမှူး ဦးဥက္ကာကျော်က ထပ်မံဆိုသည်။

မန္တလေးတိုင်းသို့ ၀င်ရောက်လာမည့် တင်အား နှစ်တန်နှင့်အထက် ကုန်တင်ယာဉ်များ၊ Covid-19 ကာလတွင် ခရီးသည် တင်ဆောင်ပြေးဆွဲခြင်းမရှိဘဲ ကုန်စည်သယ်ယူပို့ဆောင်ခွင့်ပြုထားသော တင်အား ၁၇ ဦးနှင့်အထက် ခရီးသည်တင်ယာဉ်များကို မန္တလေးတိုင်းအ၀င် စစ်ဆေးရေးစခန်း ၁၀ ခု၌ RDT Test Kit ဖြင့် စစ်ဆေးပေးသွားမည်ဖြစ်သည်။

အဆိုပါ RDT Test Kit ဖြင့် စစ်ဆေးပေးမည့် စစ်ဆေးရေးစခန်းများကို မန္တလေးတိုင်းဒေသကြီးအ၀င်ပေါက်များဖြစ်သော အမရပူရမြို့နယ် ရတနာပုံတံတားထိပ် နှာပေါက်၀ဂိတ်၊ ပြင်ဦးလွင်မြို့တွင်မူ လားရှိုး-မန္တလေးလမ်းပေါ်ရှိ ၀က်ဝံဂိတ်၊ မတ္တရာမြို့တွင်မူ မန္တလေး-မိုးကုတ်လမ်းပေါ်ရှိ ဒင်္ဂါးချောင်းဂိတ်၊ မိတ္ထီလာမြို့တွင်မူ အမြန်လမ်း ၂၈၅ မိုင် သီးကုန်းဂိတ်၊ သာစည်မြို့တွင်မူ မိတ္ထီလာ-တောင်ကြီးလမ်းပေါ်ရှိ ကျွဲတပ်ဆုံဂိတ်၊ ရမည်သင်းမြို့တွင်မူ အမြန်လမ်း(ဟောင်း) သံကွဲဂိတ်၊ ပျော်ဘွယ်မြို့တွင်မူ အမြန်လမ်း ၂၆၂ မိုင်နှင့် နတ်မောက်-ပျော်ဘွယ် လမ်းဆုံ ပေပင်လေးဂိတ်၊ ညောင်ဦးမြို့တွင်မူ ချောက်-ညောင်ဦး စဉ့်ကူတိုက်နယ်ဆေးရုံရှေ့နှင့် လက်ပန်ခြေပေါ်-ပခုက္ကူတံတား၊ ကျောက်ပန်းတောင်းမြို့တွင်မူ ကျောက်ပန်းတောင်း-ဂွေးချို၊ ကောင်းမွန်ဂိတ် စသည့်နေရာများတွင် ဖွင့်လှစ်ထားကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here