မန္တလေးတိုင်းဒေသကြီးအတွင်း ပရဟိတအသင်းများ ထပ်မံမှတ်ပုံတင်ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးဟု လုံ/နယ်ဝန်ကြီးဆို

165

 

မန္တလေး၊ ဇွန် ၂၂

မန္တလေးတိုင်းဒေသကြီးအတွင်း ပရဟိတအသင်းများ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ ပရဟိတအသင်းများ၏ နိဗ္ဗာန်ယာဉ်များကို HSE နံပါတ်ထုတ်ပေး၍ မှတ်ပုံတင်ခွင့်ပြုခဲ့သော်လည်း ထပ်မံ၍ မှတ်ပုံတင်ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက ပြောကြားသည်။

ပြီးခဲ့သည့် ဇွန် ၁၇ ရက်က ကျင်းပသော ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၁၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဆဌမနေ့)တွင် ပြည်ကြီးတံခွန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာချစ်ကိုကို၏ ‘မန္တလေးတိုင်းဒေသကြီးအစိုးရအနေဖြင့် မန္တလေးမြို့ရှိ ပရဟိတအသင်းများနှင့်ပတ်သက်၍ (၁) ပရဟိတအသင်းအားလုံး လိုင်စင်များ မဖြစ်မနေ ပြည့်စုံအောင် ဆောင်ရွက်စေခြင်းနှင့် လွယ်ကူစွာချထားပေးခြင်း၊ (၂) ပရဟိတအသင်းကားများနှင့်ပတ်သက်၍ လိုင်စင်များ ချထားပေးခြင်း၊ (၃) မန္တလေးတိုင်းအတွင်း ပရဟိတအသင်းများ ကူညီကယ်ဆယ်ရေးဆောင်ရွက်ရာတွင် လမ်းကြေးများ သက်သာစေခြင်းဖြင့် ပရဟိတအသင်းများအား ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ခြင်းရှိ၊မရှိ သိရှိလိုသည့်ကိစ္စ’ နှင့်စပ်လျဉ်း၍ ၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

လူမှုရေးပရဟိတအသင်းများရှိ လိုင်စင်မဲ့ မော်တော်ယာဉ်များ တရားဝင်လိုင်စင်ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ်က စီမံချက်ရေးဆွဲပြီးကာ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် တစ်ကြိမ်တည်းသာ ဆောင်ရွက်ပေးခဲ့ကြောင်း၊ စီမံချက်ကာလ မစတင်မီ မန္တလေးတိုင်းဒေသကြီးအတွင်း၌ မှတ်ပုံတင်ထားသည့် လူမှုရေးအသင်းအဖွဲ့ ငါးသင်းရှိခဲ့ပြီး နိဗ္ဗာန်ယာဉ် HSE ယာဉ် ၁၆ စီးသာရှိခဲ့ကာ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ်၊ မေလအထိ အသင်းအဖွဲ့ပေါင်း ၉၀၁ သင်းနှင့် နိဗ္ဗာန်ယာဉ် HSE အရေအတွက် ၁,၈၅၉ စီးရှိခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“ကျွန်တော်တို့အစိုးရဟာ ပရဟိတအသင်းတွေနဲ့ပတ်သက်ရင် စည်းကမ်းတကျဖြစ်အောင် တင်းတင်းကြပ်ကြပ်ဆောင်ရွက်ရမှာလည်း တစ်ပိုင်းဖြစ်ပါတယ်၊ အဓိက ဒီပရဟိတအသင်းတွေ ဖွံ့ဖြိုးတိုးတက်လာအောင် ကူညီဆောင်ရွက်ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့ လူမှုရေး၊ စီးပွားရေး တခြားကိစ္စတွေမှာလည်း ပိုပြီးတော့မှ အဆင်ပြေချောမွေ့လာမှာလည်း ဖြစ်ပါတယ်၊ ဒီလိုဆောင်ရွက်တဲ့ ပရဟိတအသင်းတွေကိုလည်း လေးလေးစားစား အသိအမှတ်ပြုဖို့၊ ဂုဏ်ပြုပေးဖို့လည်း လိုအပ်နေပါတယ်၊ ဒါကြောင့် လိုင်စင်တွေ ပြည့်စုံအောင် ဆောင်ရွက်ပေးစေခြင်းနှင့် အလွယ်တကူဖြစ်စေရေးကိစ္စ၊ လိုင်စင်ချထားပေးရေးကိစ္စ၊ ကားတွေနဲ့ပတ်သက်လို့ ပြောရရင် လိုင်စင်ချထားပေးခဲ့ပါတယ်၊ အခုအချိန်မှာ လုံလောက်မှုမရှိတဲ့အတွက် လိုင်စင်မဲ့ကားတွေ၊ တခြားကားတွေနဲ့ ရောယှက်ပြီး ဆောင်ရွက်နေရတဲ့အတွက် အဆင်ပြေခြင်းမရှိပါဘူး၊ အဲ့ဒါအပြင် လိုင်စင်မဲ့ကားတွေနဲ့ ပရဟိတအသင်းတွေ ဆောင်ရွက်နေခြင်းအတွက် မှောင်ခိုကိစ္စတွေ၊ တခြားကိစ္စတွေ တရားဥပဒေနဲ့မညီတဲ့ကိစ္စတွေ ဆောင်ရွက်နေတာကိုလည်း အရေးယူဖို့ခက်ခဲနေပါတယ်” ဟု မေးခွန်းမေးမြန်းခဲ့သည့် ပြည်ကြီးတံခွန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာချစ်ကိုကိုက မှတ်ချက်ပေးသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆောင်ရွက်ပေးရာတွင်လည်း ၂၀၁၄ ခုနှစ် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွင် ပြဌာန်းထားသည့်အတိုင်း အသင်းအဖွဲ့အဖြစ် မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားလာပါက လျှောက်ထားသည့်နေ့ရက်မှ ခုနစ်ရက်အတွင်း ယာယီမှတ်ပုံတင်လက်မှတ် ထုတ်ပေးလျက်ရှိကာ သတ်မှတ်ချက်များနှင့်ကိုက်ညီပါက တိုင်းဒေသကြီးမှတ်ပုံတင်ရေးအဖွဲ့တွင် ရက်ပေါင်း ခြောက်ဆယ်အတွင်း၊ ခရိုင်/မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့တွင် ရက်ပေါင်း သုံးဆယ်အတွင်း အသင်းအဖွဲ့ အသိအမှတ်ပြုလက်မှတ်ကို ထုတ်ပေးရမည် ဟူသည့် ပြဌာန်းထားချက်နှင့်အညီ စိစစ်ထုတ်ပေးလျက်ရှိကြောင်း ဗိုလ်မှူးကြီးကျော်ကျော်မင်းက ထပ်မံပြောဆိုသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here