မန္တလေးတိုင်းဒေသကြီးသို့ ဖြတ်သန်းသွားလာကြမည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ Covid-19 ကင်းရှင်း​ကြောင်း ​ထောက်ခံချက် ပါရှိရမည်

160

 

မန္တ​လေး၊ စက်တင်ဘာ ၃၀

နေပြည်တော်ကောင်စီ အပါအ၀င် အခြား တိုင်းနှင့်ပြည်နယ်များမှ မန္တလေးတိုင်းဒေသကြီးသို့ ကုန်ပစ္စည်းပို့ဆောင်ကြမည့် ကုန်တင်ယာဉ်များ၊ ဖြတ်သန်းသွားလာကြမည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအနေဖြင့် Covid-19 ရောဂါပိုးမရှိကြောင်း (Negative ဖြစ်ကြောင်း) ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ရက်သတ္တပတ် နှစ်ပတ်အတွင်း ထုတ်ပေးထားသည့် ထောက်ခံချက် (လိုင်စင်ဓာတ်ပုံပါ) ပါရှိမှသာ မန္တလေးတိုင်းအတွင်းသို့ ၀င်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

“အောက်တိုဘာ ၁ ရက်ကစပြီး မန္တလေးတိုင်းအတွင်း လာမယ့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေအနေနဲ့ Covid-19 ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှပဲ ၀င်ခွင့်ပြုမယ်၊ အဓိကကတော့ အရင်လို လူလဲပြီးမောင်းနှင်စရာမလိုတော့ဘူး၊ ကျန်းမာရေးဌာနက နှစ်ပတ်အတွင်းထုတ်ပေးထားတဲ့ ထောက်ခံချက်ပါရင် ၀င်ခွင့်ရမယ်” ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်က ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ မန္တလေးတိုင်းဒေသကြီးအတွင်းသို့ လာရောက်ကြမည့် ကုန်တင်ယာဉ်များအနေဖြင့် ရမည်းသင်းမြို့အ၀င် စစ်ဆေးရေးဂိတ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း နေထိုင်သူ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် လူစားထိုး လဲလှယ်မောင်းနှင်ပြီးမှ ၀င်ရောက်ခွင့်ပြုမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့ဖူးသည်။ ထိုသို့ ထုတ်ပြန်ပြီးမကြာမီ ရမည်းသင်းမြို့အ၀င် စစ်ဆေးရေးဂိတ်တွင် ကုန်စည်ပို့ဆောင်ရေး ကုန်တင်ယာဉ်များအားလုံး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် လူစားထိုးလဲလှယ်ရာ၌ အချိန်ကြာမြင့်စွာ ရပ်တန့်ထားရခြင်းကြောင့် လူအုပ်စုဖွဲ့မှုများ ဖြစ်ပေါ်ခြင်း၊ ကုန်စည်စီးဆင်းမှု နှောင့်နှေးခြင်း စသော အဆင်မပြေမှုများ ကြုံတွေ့ခဲ့ရသည်ဟု မန္တလေးမြို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များက ပြောဆိုသည်။

“လူစားထိုး လဲလှယ်တဲ့အစီအစဉ်က တကယ်တမ်း မြေပြင်မှာ လုံး၀ မထိရောက်ဘူး၊ အခုလို ပြင်ဆင်ထုတ်ပြန်ပေးလိုက်တာ ကောင်းတယ်” ဟု ရန်ကုန်-မန္တလေး ကုန်စည်ပို့ဆောင်ရေးလုပ်ကိုင်နေသူတစ်ဦးက သုံးသပ်သည်။

ယခုကဲ့သို့ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ အနေဖြင့် အောက်တိုဘာ ၁ ရက်မှစ၍ Covid-19 ရောဂါပိုးကင်းရှင်းကြောင်း (Negative ဖြစ်ကြောင်း) ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ရက်သတ္တပတ် နှစ်ပတ်အတွင်း ထုတ်ပေးထားသည့် ထောက်ခံချက် (လိုင်စင်ဓာတ်ပုံပါ) ပါရှိမှ ဖြတ်သန်းခွင့်ပြုမည့်အစီအစဉ်ကို Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ညွှန်ကြားလိုက်ခြင်းလည်းဖြစ်သည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here