မန္တလေးတိုင်းဒေသကြီးတွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၁၆,၀၆၂ ဦးကို Covid-19 ပိုးရှိမရှိ စစ်ဆေးခဲ့ရာမှ ၆၄ ဦးတွင် ပိုးတွေ့ရှိဟု ဝန်ကြီးချုပ်ပြော

83

 

မန္တလေး၊ အောက်တိုဘာ ၁၈

မန္တလေးတိုင်းဒေသကြီး အဝင်အထွက်ပြုလုပ်ရာ နေရာများတွင် စစ်ဆေးရေးဂိတ် ၁၂ ဂိတ် ဖွင့်လှစ်ထားပြီး ယခု Covid-19 ဒုတိယလှိုင်းကာလအတွင်း ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ၁၆,၀၆၂ ဦးကို Covid-19 ပိုးရှိမရှိ Test Kit ဖြင့် စစ်ဆေးခဲ့ရာမှ ၆၄ ဦးတွင် ပိုးတွေ့ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

“ပိုးတွေ့ရှိတဲ့သူပေါင်း ၆၄ ဦးပဲ တွေ့ရှိခဲ့လို့ အလွန်နည်းပါးတယ်လို့ ကောက်ချက်ဆွဲနိုင်ပါတယ်၊ တစ်နည်းအားဖြင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်ဦးရေ တစ်ရာမှာ လေးဦးသာ ပိုးတွေ့ရှိခြင်းဖြစ်ပါတယ်” ဟု ၎င်းက ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်တွင် မန္တလေးစည်ပင်သာယာရေးကော်မတီက ထုတ်ဝေသော မန္တလေးနေ့စဉ်သတင်းစာ၌ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အညာသား ကလောင်အမည်ဖြင့် ဖော်ပြသော ၎င်း၏ ဆောင်းပါးတွင် ထည့်သွင်းရေးသားခဲ့ခြင်းဖြစ်သည်။

ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို Covid-19 ပိုးရှိမရှိ စစ်ဆေးပေးခြင်းသည် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ခြင်းဖြစ်သဖြင့် အလွန်အရေးကြီးသော လုပ်ငန်းဖြစ်နေကာ ဆက်လက်လုပ်ကိုင်နေရဦးမည်ဖြစ်ကြောင်း၊ ထို့ပြင် ရန်ကုန်မြို့အတွင်း နေထိုင်သူများကို မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ခိုး၍ သယ်ဆောင်လာသော ကားများကိုလည်း ဖမ်းဆီးရမိသဖြင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဥပဒေဖြင့် အရေးယူနေရကာ ထိုသို့ ခိုးသွင်းလာသူများကို သိရှိခဲ့ခြင်းမရှိလျှင် ရောဂါပြန့်ပွားမှု မြန်ဆန်ပြီး အဖြစ်များနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ထပ်မံပြောကြားသည်။

“ပြည်သူလူထုအနေနဲ့ မိမိတို့အရပ်ဒေသအတွင်း ရန်ကုန်မှပြန်လာသူများ အကြောင်းမကြားဘဲ ရောက်ရှိလာခဲ့လျှင် တာဝန်ရှိသူများထံ အကြောင်းကြားပါရန် မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယခုအခါ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ ပျော်ဘွယ်၊ ရမည်းသင်း၊ မိတ္ထီလာ၊ ဝမ်းတွင်း အစရှိသည့် မြို့နယ်များတွင် ရန်ကုန်မှပြန်လာသူများကို Quarantine Center များ၌ထားရှိပြီး ရောဂါပိုးရှိမရှိ စစ်ဆေးသောအခါ ၈၀ ရာခိုင်နှုန်းခန့်မှာ ရောဂါပိုးတွေ့ရှိနေရသဖြင့် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် ရန်ကုန်ပြန်များကို အထူးဂရုပြု စောင့်ကြည့်နေရကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here