မန္တလေးတိုင်းဒေသကြီးတွင် ၁၀ လတာကာလအတွင်း ယာဉ်တိုက်မှုဖြစ်ပွားနှုန်း ယခင်နှစ်ထက် သိသိသာသာ လျော့ကျလာ

78

 

မန္တလေး၊ နိုဝင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီးတွင် ယခု ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာကာလအတွင်း ယာဉ်တိုက်မှု ၁,၂၃၆ မှု ဖြစ်ပွားခဲ့ပြီး ယခင် ၂၀၁၉ ခုနှစ် ၁၀ လတာကာလထက် ယာဉ်တိုက်မှုဖြစ်ပွားနှုန်း သိသိသာသာလျော့ကျလာကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

“ဒီနှစ်အတွင်းမှာ အရင်နှစ်ထက်စာရင် ယာဉ်တိုက်မှုအရေအတွက်ရော၊ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူရော သေဆုံးသူပါ သိသိသာသာကို လျော့ကျလာတာတွေ့ရတယ်” ဟု အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ် ၁၀ လတာကာလအတွင်း ယာဉ်တိုက်မှု ၁,၂၃၆ မှု ဖြစ်ပွားခဲ့သည့်အနက် သေဆုံးသူ ၄၆၇ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၁,၆၈၁ ဦးရှိခဲ့ကာ ယခင် ၂၀၁၉ ခုနှစ် ၁၀ လတာကာလနှင့် နှိုင်းယှဉ်ပါက ယာဉ်တိုက်မှုအရေအတွက် သိသိသာသာကျဆင်းလာကြောင်း၊ ထိုသို့ ယာဉ်တိုက်မှုဖြစ်ပွားရာ၌ မန္တလေးတိုင်းဒေသကြီးအတွင်း ပြင်ဦးလွင်ခရိုင်၊ မိတ္ထီလာခရိုင်နှင့် မန္တလေးခရိုင်သည် ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားပြီး ညောင်ဦးခရိုင်နှင့် မြင်းခြံခရိုင်သည် ယာဉ်တိုက်မှုနှင့် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ အနည်းဆုံးဖြစ်ကာ ညနေ ၆ နာရီမှ ည ၁၂ နာရီအတွင်း ဖြစ်ပွားမှုအများဆုံးဖြစ်ကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ထပ်မံသိရသည်။

“ယာဉ်တိုက်မှုဖြစ်တဲ့အချိန်တွေကိုကြည့်လိုက်ရင် ညနေ ၆ နာရီကနေ ည ၁၂ နာရီအတွင်းက အဖြစ်အများဆုံး၊ နေ့လယ် ၁၂ နာရီကနေ ညနေ ၆ နာရီအတွင်းက ဒုတိယအဖြစ်အများဆုံးပေါ့၊ အဲဒီလိုဖြစ်တဲ့ဖြစ်စဉ်တွေကို သုံးသပ်ကြည့်လိုက်တဲ့အခါမှာလည်း မဆင်မခြင်မောင်းနှင်တာနဲ့ ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းရင်းနဲ့ ယာဉ်တိုက်မှုအများဆုံးဖြစ်ကြတာ တွေ့ရတယ်” ဟု အဆိုပါရုံးမှ ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှုဖြစ်စဉ်များအနက် မဆင်မခြင်မောင်းနှင်မှုနှင့် ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းခြင်းကြောင့် ယာဉ်တိုက်မှုဖြစ်ပွားမှုအများဆုံးအပြင် အရှိန်ပြင်းမောင်းနှင်မှု၊ ရာသီဥတုကြောင့်ဖြစ်ပွားမှု၊ ခရီးသည်ပေါ့ဆမှု၊ လမ်းကူးပေါ့ဆမှု၊ မူးယစ်မောင်းနှင်မှုနှင့် အနှေးယာဉ်ပေါ့ဆမှုတို့ကြောင့်လည်း မကြာခဏဖြစ်ပွားနေရကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here