မန္တလေးတိုင်းတွင် ၁၀ လအတွင်း စည်းကမ်းပျက်ဆိုင်ကယ် ၉,၉၄၄ စီး အရေးယူခဲ့ရ

78

 

မန္တလေး၊ နိုဝင်ဘာ ၁၂

မြန်မာနိုင်ငံတွင် ယာဉ်စီးရေ ဒုတိယအများဆုံးတိုင်းဖြစ်သော မန္တလေးတိုင်းဒေသကြီး၌ ယခု ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာကာလအတွင်း စည်းကမ်းပျက်ဆိုင်ကယ် အစီးရေ ၉,၉၄၄ စီးကို အရေးယူခဲ့ရကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

“ဆိုင်ကယ်စီးရင် ဆိုင်ကယ်ဦးထုပ်ဆောင်းရမယ်၊ ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့ဆိုင်ကယ်တွေ၊ ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်မပါတဲ့ဆိုင်ကယ်တွေ စတာတွေကို စည်းကမ်းပျက်ဆိုင်ကယ်လို့သတ်မှတ်ပြီး မော်တော်ယာဉ်ဥပဒေနဲ့ အရေးယူနေပါတယ်၊
အရင်နှစ်ထက်စာရင်တော့ ဒီနှစ်ထဲမှာ အရေးယူရမှုနည်းလာတယ်၊ စည်းကမ်းလိုက်နာသူ ပိုများလာတယ်လို့ ပြောလို့ရတယ်” ဟု မန္တလေးတိုင်း အမှတ်(၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ခရိုင် ခုနစ်ခုဖြင့် ဖွဲ့စည်းထားသော မန္တလေးတိုင်းဒေသကြီးတွင် ယခု ၂၀၂၀ ပြည့်နှစ်အတွင်း Covid-19 ကာလ၌ပင် စည်းကမ်းပျက်ဆိုင်ကယ်များကို ယခင်ကကဲ့သို့ အရှိန်အဟုန်မြှင့် ဖမ်းဆီးမှုမလုပ်သော်လည်း စည်းကမ်းဖောက်ဖျက်သူ များပြားလာမည်စိုး၍ မကြာခဏ ပုံမှန်စစ်ဆေးပေးလျက်ရှိကြောင်း၊ ထိုသို့ စစ်ဆေးရာတွင် ယခုနှစ်အတွင်း ဖေဖော်ဝါရီလ၊ ဇန်နဝါရီလနှင့် ဇူလိုင်လမှာ စည်းကမ်းပျက်ဆိုင်ကယ်အရေးယူရမှု အများဆုံးဖြစ်ကာ Covid-19 ဒုတိယလှိုင်းကာလတွင်မူ ဖမ်းဆီးအရေးယူရမှု နည်းပါးလာကြောင်း မန္တလေးတိုင်း အမှတ် (၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ထပ်မံသိရသည်။

“ရှောင်တခင်စစ်ဆေးတာတွေကို မန္တလေးမြို့မှာရော၊ တခြားမြို့တွေမှာရော မကြာခဏ ပုံမှန်စစ်ဆေးနေတယ်၊ Covid-19 ကာလဆိုတော့ အရင်လို မြို့နယ်တိုင်း နေ့စဉ် အရှိန်အဟုန်နဲ့ မလုပ်ဖြစ်ပေမဲ့ ပုံမှန်အနေအထားနဲ့ ရှောင်တခင်စစ်ဆေးအရေးယူနေပါတယ်” ဟု အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင် ယခု ၂၀၂၀ ပြည့်နှစ် ၁၀ လတာကာလအတွင်း စည်းကမ်းပျက်ဆိုင်ကယ် ၉,၉၄၄ စီး၊ အမှုပေါင်း ၁၀,၀၂၈ ကို မော်တော်ယာဉ်ဥပဒေဖြင့် အရေးယူခဲ့သည့်အပြင် စည်းကမ်းလိုက်နာသူပိုမိုများပြားလာသဖြင့် ယခင်နှစ်ထက် အရေးယူရမှု လျော့ကျလာကြောင်း ယာဉ်ထိန်းရဲအရာရှိများက မှတ်ချက်ပြုကြသည်။

ကျော်ကျော်အောင်(ကလေးမြို့)
မန္တလေးတိုင်း ကျောက်ဆည်မြို့တွင် ဆိုင်ကယ်များကို ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ပညာပေးပြုလုပ်နေသည်ကို တွေ့ရစဉ်။
ဓာတ်ပုံ-Kyaw Soe Lwin

LEAVE A REPLY

Please enter your comment!
Please enter your name here