မန္တလေးတိုင်းတွင် ယခုနှစ် ၁၀ လတာအတွင်း လိုင်စင်မဲ့ကား ၆၃ စီးဖမ်းဆီးရမိ

138

 

မန္တလေး၊ နိုဝင်ဘာ ၁၁

မြန်မာနိုင်ငံ၏ ယာဉ်စီးရေဒုတိယအများဆုံးဖြစ်သော မန္တလေးတိုင်းဒေသကြီးတွင် ယခု ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလကုန်အထိ ၁၀ လတာကာလအတွင်း လိုင်စင်မဲ့ကား ၆၃ စီး ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

“အထူးသဖြင့် အိမ်စီးကားအနေနဲ့စီးနေတဲ့ Without ကားတွေ ဖမ်းမိတာများတယ်၊ များသောအားဖြင့် လမ်းပေါ်မှာ ဆပရိုက်ချက်စစ်ရင်းနဲ့ ဖမ်းမိတာများသလို သတင်းပေးတိုင်ကြားလို့၊ သတင်းရထားလို့ လမ်းမှာရှောင်တခင်စစ်ရင်း ဖမ်းမိတာတွေလည်းရှိတယ်၊ နောက်လည်း သတင်းရရင်ရသလို ရှောင်တခင်စစ်ဆေးပြီး ဖမ်းဆီးအရေးယူတာတွေ လုပ်ဆောင်သွားပါမယ်” ဟု မန္တလေးတိုင်း အမှတ်(၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်းအတွင်း လိုင်စင်မဲ့ကားများကို ခရိုင်မြို့များတွင် ယာဉ်ထိန်းရဲ၊ နယ်မြေခံရဲ၊ စည်ပင် စသော ဌာနပေါင်းစုံပူးပေါင်း၍ အဖွဲ့စုံဖြင့် ရှောင်တခင်စစ်ဆေးခြင်းဖြစ်ပြီး ဖမ်းဆီးရမိသော လိုင်စင်မဲ့ကားများ၊ ထော်လာဂျီများနှင့် ဆိုင်ကယ်များကို သွင်းကုန်/ထုတ်ကုန် ပုဒ်မ- ၅(၁)၊ ကျင့် (၅၂၃)၊ သွင်းကုန်ထုတ်ကုန်ပုဒ်မ (၈) စသော ဥပဒေများဖြင့် အရေးယူခဲ့ကြောင်း အမှတ်(၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

“မြို့ပေါ်မှာက စစ်ဆေးမှုများတော့ မန္တလေးမြို့ခံတွေစီးတဲ့သူထဲက ဖမ်းမိတာနည်းတယ်၊ အများစုက မူဆယ်၊ လားရှိုးနဲ့ ပြင်ဦးလွင်ဘက်ကနေ Without ကား စီးသယ်ရင်းနဲ့ ဖမ်းမိတာများတယ်၊ လိုင်စင်မဲ့ကားက မန္တလေးတိုင်းအတွင်းမှာဆို ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နဲ့ မန္တလေးခရိုင်အတွင်းမှာ ဖမ်းမိတာအများဆုံးပဲ”ဟု အဆိုပါရုံးမှ ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ဆိုသည်။

မန္တလေးတိုင်း ကျောက်ဆည်မြို့၊ ပြင်ဦးလွင်မြို့နှင့် မန္တလေးမြို့သည် တရုတ်-ထိုင်း-အိန္ဒိယ စသော သုံးနိုင်ငံနှင့် ကုန်စည်ပို့ဆောင်ရေး သွားလာသည့် လမ်းဆုံမြို့ဖြစ်နေသည့်အပြင် လိုင်စင်မဲ့ကားများသယ်ဆောင်ရာ လမ်းကြောင်းဖြစ်နေသဖြင့် မကြာခဏဖမ်းမိခြင်းဖြစ်ပြီး စီမံချက်ဖြင့် ထိထိရောက်ရောက်လုပ်ဆောင်ရန်လည်း မန္တလေးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ ညွှန်ကြားထားသည်။

ယခု ၂၀၂၀ ပြည့်နှစ်၊ မေ ၂၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်က ပြဌာန်းလိုက်သော ၂၀၂၀ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေသစ်တွင် လိုင်စင်မဲ့ယာဉ်အား မောင်းနှင်ပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။ သို့သော် လတ်တလောအချိန်အထိမူ Covid-19 ကာလဖြစ်ခြင်းကြောင့် အဆိုပါဥပဒေသစ်ဖြင့် စတင်အရေးယူခြင်းများ မလုပ်ဆောင်သေးသော်လည်း ဥပဒေသစ်ပြဌာန်းပြီးချိန်မှစ၍ မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့က ဦးဆောင်ကာ ပြည်သူလူထုထံ အသိပညာပေးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ယခုနှစ် ဩဂုတ်လအတွင်းက ကျောက်ဆည်မြို့တွင် ဖမ်းဆီးအရေးယူထားသော လိုင်စင်မဲ့ယာဉ်တစ်စီးအား တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here