မန္တလေးတိုင်းတွင် ယခုနှစ် ကိုးလတာကာလအတွင်း စည်းကမ်းပျက်သုံးဘီးဆိုင်ကယ် ၁၉၁ စီး အရေးယူခဲ့ရ

79

 

မန္တ​လေး၊ ​အောက်တိုဘာ ၁၁

ခရီးသည်တင်သုံးဘီးနှင့် ကုန်တင်သုံးဘီးစီးရေ အဆမတန်များပြားလာသော မန္တလေးတိုင်းဒေသကြီးတွင် ယခု ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလတာကာလအတွင်း စည်းကမ်းပျက်သုံးဘီးဆိုင်ကယ် ၁၉၁ စီးကို အရေးယူခဲ့ရကြောင်း မန္တလေးတိုင်း အမှတ် (၁၄)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

“စည်းကမ်းနဲ့မညီတဲ့ ဆိုင်ကယ်တွေကို ကြပ်မတ်ဖမ်းဆီးရင်း သုံးဘီးတွေပါ စစ်ဆေးပါတယ်၊ အဲဒီလိုစစ်ဆေးလိုက်လို့ သတ်မှတ်စည်းကမ်းနဲ့မညီဘူးဆိုရင် သူတို့ကိုလည်း မော်တော်ယာဉ်ဥပဒေအရ အရေးယူပါတယ်” ဟု အဆိုပါရုံးမှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးတွင် မန္တလေး၊ ကျောက်ဆည်၊ ညောင်ဦး၊ ပြင်ဦးလွင်၊ မြင်းခြံ၊ မိတ္ထီလာ၊ ရမည်းသင်း စသော ခရိုင် ခုနစ်ခုရှိသည့်အနက် အဆိုပါခရိုင်အားလုံးတွင် စည်းကမ်းပျက်ဆိုင်ကယ်များသာမက စည်းကမ်းပျက်သုံးဘီးဆိုင်ကယ်များပါ ကြပ်မတ်နေကာ ယာဉ်လိုင်စင် မပါရှိခြင်း၊ ယာဉ်မောင်းလိုင်စင် မပါခြင်း၊ လုပ်ငန်းလိုင်စင် မပါရှိခြင်း၊ ယာဉ်နံပါတ် ပြည့်စုံစွာမတပ်ဆင်ခြင်း စသော စည်းကမ်းဖောက်ဖျက်မှုများ တွေ့ရှိပါက မော်တော်ယာဉ်ဥပဒေဖြင့် အရေးယူလျက်ရှိကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ထပ်မံသိရသည်။

“မန္တလေးမှာဆို စည်ပင်နဲ့ပေါင်းပြီး မ၀င်ရလမ်းတွေမှာ၀င်ရောက်တဲ့ သုံးဘီးဆိုင်ကယ်တွေကို အရေးယူတာလည်းရှိသလို ယာဉ်ထိန်းရဲနဲ့ သက်ဆိုင်ရာဌာနတွေ ပူးပေါင်းပြီး စည်းကမ်းပျက်ဆိုင်ကယ်တွေ သုံးဘီးတွေကို ရှောင်တခင်စစ်ဆေး အရေးယူတာတွေလည်းရှိတယ်” ဟု အဆိုပါရုံးမှ တာ၀န်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

မန္တလေးတိုင်းအတွင်း စည်းကမ်းပျက်သုံးဘီးဆိုင်ကယ်များအား လစဉ် စစ်ဆေးကြပ်မတ်လျက်ရှိသော်လည်း ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် အများဆုံး အရေးယူခဲ့ရကာ အဆိုပါသုံးဘီးများအပြင် ယခု ၂၀၂၀ ပြည့်နှစ်၊ ကိုးလတာကာလအတွင်း စည်းကမ်းပျက် မော်တော်ဆိုင်ကယ် ၉,၈၉၇ စီး၊ စည်းကမ်းပျက် မော်တော်ယာဉ် ၁,၀၉၆ စီးနှင့် ထော်လာဂျီ ကိုးစီးတို့ကိုလည်း အရေးယူခဲ့ရကြောင်း အဆိုပါရုံး၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here