မန္တလေးတိုင်းတွင် ယခုနှစ် ခုနစ်လတာအတွင်း ယခင်နှစ်ထက် စည်းကမ်းပျက်ဆိုင်ကယ် သုံးထောင်နီးပါး တိုးလာ

882
????????????????????????????????????

ခရိုင်ခုနစ်ခုဖြင့် ဖွဲ့စည်းထားသော မန္တလေးတိုင်းတွင် ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ ခုနစ်လတာအတွင်း စည်းကမ်းပျက်ဆိုင်ကယ် အစီးတစ်သောင်းကျော် ဖမ်းဆီးအရေးယူခဲ့ရပြီး ယခင်နှစ် ထက် စည်းကမ်းပျက်ဆိုင်ကယ်စီးရေ သုံးထောင်နီးပါး တိုးလာကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

 

”မနှစ်က ဇန်နဝါရီလကနေ ဇူလိုင်လအထိမှ စည်းကမ်းပျက် ဆိုင်ကယ်က တစ်သောင်းတစ် ထောင်ကျော်ပဲ ဖမ်းမိတယ်၊ ဒီနှစ်မှာ ခုနစ်လအတွင်း အစီးရေတစ် သောင်းလေးထောင်နီးပါး ဖမ်းမိတယ်၊ မနှစ်ကနဲ့ယှဉ်လိုက်ရင် ဒီနှစ်ထဲမှာ အစီးရေ သုံးထောင်နီးပါးလောက် ပိုဖမ်းမိလာတာ တွေ့ရတယ်၊ ပိုဖမ်းမိတယ်ဆိုကတည်းက စည်းကမ်းပျက်မောင်းနှင်တဲ့ ဆိုင်ကယ်ပိုများလာတယ်လို့ သုံးသပ်ရတယ်”ဟု မန္တလေးတိုင်း အမှတ် (၁၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ စည်းကမ်းပျက် ဆိုင်ကယ် ဖမ်းဆီးရရှိမှုတွင် မန္တလေးတိုင်းအတွင်းရှိ ခုနစ်ခရိုင်အနက် မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်နှင့် မြင်းခြံခရိုင်တို့တွင် အများဆုံး ဖမ်းဆီးရမိပြီး အဆိုပါ စည်းကမ်းပျက် ဆိုင်ကယ်များကို မော်တော်ယာဉ်ဥပဒေဖြင့် အရေးယူကြောင်း၊ ထို့ပြင် စည်းကမ်းဖောက်ဖျက်သည့် ဆိုင်ကယ်များတွင် ဆိုင်ကယ်ဦးထုပ်မဆောင်းမှု၊ ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်လိုင်စင်မပါရှိမှု၊ မီးနီဖြတ်မှု၊ ဆိုင်ကယ်သုံးယောက်ပူး စီးနင်းမှု စသည်တို့ တွေ့ရှိမှုများကြောင့် အများဆုံး အရေးယူရကြောင်း အမှတ်(၁၄)ယာဉ်ထိန်း ရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

 

”အဲဒီလို ဆိုင်ကယ်တွေစည်း ကမ်းဖောက်တာ များလို့လည်း ယာဉ်တိုက်မှု သုံးပုံနှစ်ပုံမှာ ဆိုင်ကယ်တွေ ပါဝင်နေတယ်၊ တစ်ဦးချင်း စည်းကမ်းလိုက်နာမှ အများအတွက်ရော တစ်နိုင်ငံလုံး စည်းကမ်း ရှိလာမှာပေါ့”ဟု အမှတ် (၁၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ အဆိုပါ တာဝန်ရှိသူက ထပ်မံ ပြောသည်။

 

မန္တလေးတိုင်းတွင် စည်းကမ်း ဖောက်ဖျက်သော ဆိုင်ကယ်များကို တစ်မြို့နယ်လျှင် တစ်ဖွဲ့နှုန်းများ ယာဉ်ထိန်းရဲ၊ နယ်မြေရဲ၊ ကညန စသော ဌာနဆိုင်ရာ ပေါင်းစုံ ပူးပေါင်း၍ နေ့စဉ် စစ်ဆေးအရေး ယူနေကြောင်း အမှတ်(၁၄) ယာဉ် ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ထပ်မံသိရ သည်။

 

”မန္တလေးမှာဆို အရင်မီးပွိုင့်တိုင်း ဆပရိုက်ချက်စစ်တုန်းက ဆိုင်ကယ်ဦးထုပ်ဆောင်းတဲ့သူ များသေးတယ်၊ မဟုတ်ရင် တစ်ပွိုင့်မဟုတ် တစ်ပွိုင့် ဖမ်းခံရမှာကိုး၊ အခုကျတော့ တစ်မြို့နယ်မှ တစ်ဖွဲ့ပဲ စစ်တော့ ဆိုင်ကယ်ဦးထုပ်ကအစ မဆောင်းချင်ကြတော့ဘူး၊ တချို့က အလှပျက်မှာစိုးပြီး ကိုယ့်အတွက် ဆောင်းခိုင်းပါလား ဆိုတာ မသိကြဘူး ဖြစ်နေတယ်၊ အဓိက ဆိုင်ကယ် ဦးထုပ်ဆောင်းမှ အသက်အန္တရာယ် ကာကွယ်မှာပါ၊ ကျွန်တော်ဆိုရင် ဘယ်နေရာလေးပဲ သွားသွား ဆိုင်ကယ်ဦးထုပ် အမြဲဆောင်းပြီးမှ သွားတယ်”ဟု ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူ မန္တလေးမြို့ခံ ဦးမျိုးလွင်က ၎င်းအမြင်ကို ဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here