မန္တလေးတိုင်းတွင် စည်းကမ်းပျက်ဆိုင်ကယ်များ  ယခင်နှစ်  ၁ဝ  လထက် သုံးထောင်ကျော်တိုးလာ

1613

ခရိုင်ခုနစ်ခုဖြင့် ဖွဲ့စည်းထားသော မန္တလေးတိုင်းတွင် ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလဆန်းပိုင်းအထိ စည်းကမ်းပျက်ဆိုင်ကယ် အစီး နှစ်သောင်းကျော် အရေးယူခဲ့ရာ ယခင်နှစ် ၁ဝ လကျော် ကာလအတွင်း စည်းကမ်းပျက်ဆိုင်ကယ် အစီး ၁၆,ဝဝဝ ကျော်သာ အရေးယူခဲ့ရသည့်အတွက် ယခင်နှစ်ထက် စည်းကမ်းပျက် ဆိုင်ကယ် အရေးယူ ရမှု အစီးသုံးထောင်ကျော် တိုးလာကြောင်း မန္တလေးတိုင်း အမှတ်(၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

”စည်းကမ်းပျက် ဆိုင်ကယ် တိုးလာတယ်ဆိုတာက ဆိုင်ကယ်အစီးရေ အဆမတန်များလာတာလည်း ပါသလို ပြည်သူလူထုရဲ့ စည်းကမ်းလိုက်နာမှု အားနည်းလာလို့လည်း ပါတယ်”ဟု မန္တလေးတိုင်း အမှတ်(၁၄)ယာဉ်ထိန်းရဲဒုတပ် ဖွဲ့ခွဲမှူးရုံးမှ အကြီးတန်းရဲအရာရှိတစ်ဦးက ပြောကြားသည်။

 

မန္တလေးမြို့အတွင်း စည်းကမ်းဖောက်ဖျက်မှုကြောင့် ဖမ်းဆီးရမိသော စည်းကမ်းပျက်ဆိုင်ကယ်များကို စည်ပင်သာယာဥပဒေပုဒ်မ ၂၆ ဖြင့်ဖြစ်စေ၊ ၂ဝ၁၅ မော်တော် ယာဉ်ဥပဒေဖြင့်ဖြစ်စေ အရေးယူလျက်ရှိပြီး မန္တလေးခရိုင်အတွင်းရှိ ပုသိမ်ကြီးမြို့နယ်နှင့် ကျောက်ဆည်၊ ညောင်ဦး၊ ပြင်ဦးလွင်၊ မြင်းခြံ၊ မိတ္ထီလာ၊ ရမည်းသင်း စသောခရိုင်များတွင်မူ စည်ပင်သာယာ ဥပဒေပုဒ်မ ၉၁ ဖြင့်ဖြစ်စေ၊ ၂ဝ၁၅ မော်တော်ယာဉ်ဥပဒေဖြင့် ဖြစ်စေ အရေးယူလျက်ရှိကြောင်း၊ ထိုသို့ စည်းကမ်းဖောက်ဖျက်ပါက ဆိုင်ကယ်ပိုင်ရှင်၏ ယာဉ်မောင်းလိုင်စင်၊ သို့မဟုတ် ဆိုင်ကယ်လိုင်စင်ကိုသိမ်းဆည်း၍ မော်တော်ယာဉ် တရားရုံးသို့ တရားစွဲဆိုတင်ပို့ကြောင်း အမှတ်(၁၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

 

”တစ်မြို့နယ်မှာ တစ်ဖွဲ့နှုန်းနဲ့ စည်းကမ်းပျက် ဆိုင်ကယ်တွေရော၊ ကားတွေရော၊ ယာဉ်ထိန်းရဲ၊ နယ်မြေခံရဲ၊ စည်ပင်အခွန်ဌာနတို့ပေါင်းပြီး နေ့စဉ်စစ်တယ်၊ စစ်ရင်းနဲ့ စည်းကမ်းဖောက်ဖျက်တာတွေ့ရင် ယာဉ်မောင်းလိုင်စင်၊ ဒါမှမဟုတ်ယာဉ်လိုင်စင်သိမ်းတယ်၊ ပြီးရင် မော်တော်ယာဉ်တရားရုံးမှာဒဏ်ငွေဆောင်ပြီးတဲ့ ချလန်ပြင်နိုင်မှ အဲဒီသိမ်းထားတဲ့ အထောက်အထားကို ပြန်ပေးပါတယ်၊ နေ့စဉ်စစ်နေတာလည်း သိရက်နဲ့ တချို့ကဆိုင်ကယ် ဦးထုပ်ကို သိပ်မဆောင်းချင်ကြဘူး၊ အဓိက ဆပရိုက်ချက် စစ်သည်ဖြစ်စေ၊ မစစ်သည်ဖြစ်စေ ကိုယ့် အသက်အန္တရာယ်ကာကွယ်ဖို့ ဆောင်းကို ဆောင်းရမှာ”ဟု အမှတ် (၁၄)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

မန္တလေးတိုင်းတွင် စည်းကမ်းပျက်ဆိုင်ကယ်များ အရေးယူရာ၌ မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင်တို့တွင် အရေးယူရမှု အများဆုံး ဖြစ်ကြောင်းလည်း သိရသည်။

 

”တစ်မြို့နယ်ကို တစ်ဖွဲ့နှုန်း အရေးယူနေတာထက် တစ်မြို့နယ် ကို နှစ်ဖွဲ့၊ သုံးဖွဲ့ခွဲပြီး အရေးယူစေ ချင်တယ်၊ တချို့က ဆပရိုက်ချက်ဖမ်းမှ ဦးထုပ်ဆောင်းချင်ကြတာ၊ အလှပျက်မှာစိုးပြီး ကိုယ့်အသက်ကိုတောင် မနှမြောကြတဲ့သဘောပဲ”ဟု အောင်မြေသာစံမြို့နယ်တွင် နေထိုင်သူတစ်ဦးက သုံးသပ်သည်။

 

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here