မန္တလေးဈေးချို ညဈေးတန်းအား ယာဉ်အသွားအလာ အမြဲကျပ်နေသည့်အတွက် ၇၉လမ်း (၃၂လမ်းနှင့် ၃၃လမ်းကြား)သို့ ပြောင်းရွှေ့မည်

136

 

မန္တလေး၊ ဇွန် ၄

မန္တလေးဈေးချို ညဈေးတန်းဖွင့်ရန် ပြင်ဆင်သည့်အချိန်သည် ဈေးချို ဈေးသိမ်းချိန်နှင့် တိုက်ဆိုင်နေသည့်အပြင် ယာဉ်အသွားအလာအမြဲကျပ်နေသည့်အတွက် ၇၉လမ်း (၃၂ လမ်းနှင့် ၃၃ လမ်းကြား)သို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်။

“၈၄ လမ်း ညဈေးစခင်းချိန် ၄ နာရီလောက်မှာ ဈေးချိုသိမ်းချိန်နဲ့တိုက်နေလို့ ယာဉ်အသွားအလာအမြဲကျပ်ပါတယ်၊ ညဈေးဖွင့်နေချိန် မီးသတ်ကားနဲ့ အရေးပေါ်ကားတွေ ၈၄ လမ်းမကြီးအတိုင်း မောင်းလို့မရဘဲ ရှောင်ကွင်းသွားနေရတာလည်း ပါပါတယ်၊ ၇၉ လမ်း မြောင်းနဲ့ လမ်းကြားမှာရှိတဲ့ မြေပိုကို နိုင်လွန်ကတ္တရာခင်းပေးလိုက်ရင် ညဈေးအတွက် မြေနေရာကျယ်ကျယ်ရလာမှာပါ။ တစ်ပတ်အတွင်း ပြီးမှာပါ” ဟု ၎င်းက ပြောကြားသည်။

၇၉လမ်း (၂၆လမ်းနှင့် ၃၃ လမ်းကြား)သည် ယခင်က လမ်းပျက်စီးမှုများ တောက်လျှောက်ဖြစ်ပေါ်ခဲ့ပြီး လမ်းမီးမရှိမှုကြောင့် မှောင်ရိပ်ခိုမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သော်လည်း ယခုအစိုးရလက်ထက်တွင် နိုင်လွန်ကတ္တရာလမ်းဖြစ်လာရုံတင်မက လမ်းမီးတိုင်များ လမ်းတောက်လျှောက်ထွန်းညှိထားကာ လမ်းလည်း ယခင်ထက်ပိုကျယ်လာသည်။ ယခုအခါ မန္တလေးမြို့၏ ဂုဏ်ဆောင် ဈေးချိုညဈေးတန်းကို ၇၉လမ်း (၃၂လမ်းနဲ့ ၃၃ လမ်းကြား)သို့ ပြောင်းရွှေ့ရန်စီစဉ်နေသဖြင့် မပြောင်းရွှေ့မီ သန့်စင်ခန်းအသေးတစ်ခုကိုပါ ၃၃ လမ်းနှင့်တည့်တည့် မြောင်းနှင့်အုတ်တံတိုင်းကြားတွင် တည်ဆောက်ပေးသွားမည်ဖြစ်သည့်အပြင် ရေရရှိရေးပါ စီစဉ်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ထပ်မံပြောကြားသည်။

“တစ်ဆက်တည်း သန့်စင်ခန်းအသေးတစ်ခုပါ ၃၃ လမ်းနဲ့တည့်တည့် မြောင်းနဲ့အုတ်တံတိုင်း ကြား တည်ဆောက်နိုင်ဖို့ လျာထားပါတယ်၊ မြောင်းနဲ့ မီးရထားတံတိုင်းကြားကို မြေညှိပြီး ပြုပြင်လိုက်ရင် လက်တွန်းလှည်းတွေ ခဏထားလို့ရလာနိုင်သလို စားသောက်ဆိုင်တွေအတွက် လက်ဆေးပန်းကန်ဆေးလို့ပါ ရလာမှာပါ၊ ရေရရှိရေးပါ ထည့်စီစဉ်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

၇၉ လမ်း (၃၂လမ်းနှင့် ၃၃ လမ်းကြား)သို့ ညဈေးပြောင်းရွှေ့နိုင်ရန် စီစဉ်ပြီးပါက လက်ရှိ လမ်း ၃၀ (၈၄လမ်းနှင့် ၈၅လမ်းကြား) ပျံကျဈေးကိုပါ ရွှေ့၍ ညဈေးနှင့်တစ်လှည့်စီ အချိန်ပေးကာ ဖွင့်လို့ရနိုင်ရန် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကာ စာအုပ်အရောင်းဆိုင်တွေအတွက် စနစ်တကျဖွင့်နိုင်ရန်ပါ ကြိုးစားနေကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောဆိုသည်။

မန္တလေးမြို့ ဈေးချိုညဈေးတန်းသည် ရှေးယခင်နှစ်ပေါင်းများစွာကတည်းက ၈၄လမ်း (၂၆လမ်းနှင့် ၂၈လမ်းကြား)တွင် တည်ရှိခဲ့ခြင်းဖြစ်ပြီး မန္တလေးမြို့သူမြို့သားများ၏ အထင်ကရနေရာတစ်ခုလည်းဖြစ်သည်။ သို့သော် လက်ရှိတွင် ညဈေးတန်း ဖွင့်လှစ်သူများပြားလာရုံမက ယာဉ်သွားလမ်းဧရိယာကျဉ်းသွားသည့်အတွက် ဆိုင်ကယ်များသာ ချောင်ချောင်ချိချိသွားလာလို့ရသည့်အနေအထားသို့ရောက်နေကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ-စာရေးဆရာဆူးငှက် Fb

LEAVE A REPLY

Please enter your comment!
Please enter your name here