မန္တလေးဇုန်အတွင်း ဟိုတယ်အလုံး တစ်ရာခန့် ပြန်လည်ဖွင့်လှစ်နိုင်ရေး လိုက်လံစစ်ဆေးမှုစတင်

154

 

မန္တလေး၊ ဇွန် ၅

မန္တလေးဇုန်အတွင်း ဟိုတယ်အလုံး တစ်ရာခန့် ပြန်လည်ဖွင့်လှစ်ရန် တင်ပြထားသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်ညီမညီ လိုက်လံစစ်ဆေးမှုကို ယခုဇွန်လ ပထမပတ်၌ စတင်နေပြီဖြစ်ကြောင်း သိရသည်။

“ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ စည်းကမ်းချက် ၅၇ ချက်ရှိပါတယ်၊ အဲဒီ ၅၇ ချက်ကို လိုက်နာမှုရှိမရှိ လိုက်လံစစ်ဆေးတာပါ၊ လိုက်လံစစ်ဆေးပြီးတာနဲ့ သတ်မှတ်စည်းကမ်းနဲ့ညီတယ်ဆိုရင် တိုင်းအစိုးရကို တင်ပြတယ်၊ တိုင်းအစိုးရက ခွင့်ပြုချက်ရတာနဲ့ ပြန်လည်ဖွင့်လှစ်ခွင့်ရမှာဖြစ်ပါတယ်” ဟု မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးဇုန်အတွင်း ဟိုတယ်အလုံးရေ သုံးရာခန့်ရှိသည့်အနက် လတ်တလောတွင် ဟိုတယ်အလုံးရေ တစ်ရာသာ ပြန်လည်ဖွင့်လှစ်ရန် တင်ပြထားသည့်အတွက် ဖွင့်လှစ်လိုသည့်ဟိုတယ်များအား ယခု ဇွန်လ ပထမပတ်မှစ၍ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ထွေ/အုပ်၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်)တို့ပါဝင်သည့် အဖွဲ့ဝင် ငါးဦးပါ စစ်ဆေးရေးအဖွဲ့ပေါင်း ခုနစ်ဖွဲ့က စတင်စစ်ဆေးနေကြောင်း အဆိုပါဌာနမှ သိရသည်။

“အခုစစ်ဆေးနေတဲ့ထဲမှာ ဟိုတယ်တွေလည်းပါတယ်၊ မိုတယ်၊ အင်းနဲ့ တည်းခိုခန်းတွေလည်းပါတယ်၊ အဓိကကတော့ သတ်မှတ်စည်းကမ်းတွေအတိုင်း ပြင်ဆင်ထားမထား လိုက်လံစစ်ဆေးတာပါ” ဟု မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

မန္တလေးဇုန်အတွင်း ဟိုတယ်အချို့ ပြန်လည်ဖွင့်လှစ်ခွင့်ရရန် တင်ပြထားသော်လည်း လက်တွေ့တွင် ပြန်လည်ဖွင့်လှစ်ရန် မသေချာသေးဘဲ ကြိုတင်အစစ်ဆေးခံထားခြင်းဖြစ်ကာ ယခုကာလတွင် ဖွင့်လှစ်သောဟိုတယ်သည် အရှုံးနှင့်ရင်ဆိုင်ရမည်မှာ လုံးဝသေချာကြောင်း မန္တလေးမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်အချို့က သုံးသပ်သည်။

“အခုကာလမှာ ဖွင့်တဲ့ဟိုတယ်က အရှုံးပဲ၊ မဖွင့်တာကမှ ဝန်ထမ်းတွေကို လစာတစ်ဝက်ပဲပေးထားတော့ အရှုံးနည်းသေးတယ်ပေါ့၊ တကယ်လို့ စဖွင့်ပြီဆိုတာနဲ့ သေချာတာက ဝန်ထမ်းတွေကို လစာအပြည့်ပေးရတော့မယ်၊ ဧည့်သည်တွေအတွက် Facility လည်း ပြည့်စုံအောင် ပြင်ဆင်ထားရတော့မယ်၊ ဒါဆို ကုန်ကျစရိတ် တအားများလာပြီဖြစ်တဲ့အတွက် သေချာတာကတော့ အရှုံးများမှာပဲ။ အဲဒါကြောင့် ကျွန်တော်တို့ဟိုတယ်ဆို ပြန်ဖွင့်ဖို့ မတင်ပြထားသေးဘူး၊ ကျွန်တော့်အသိဟိုတယ်တွေဆိုလည်း ပြန်ဖွင့်ဖို့တော့ တင်ပြထားတယ်၊ ပြန်ဖွင့်ရင် အဆင်သင့်ဖြစ်အောင် ကြိုတင်အစစ်ဆေးခံထားတယ်ပေါ့၊ ဒါပေမဲ့ အစစ်ဆေးခံပြီး ဖွင့်လှစ်ခွင့်ရရင်တောင် ချက်ချင်းပြန်မဖွင့်သေးဘူးလို့ပြောကြတယ်” ဟု မန္တလေးမြို့ Triumph Hotel မှ General Manager ကိုအောင်ဝင်းနိုင်က သုံးသပ်သည်။

ကျော်ကျော်အောင်(ကလေးမြို့)
မန္တလေးမြို့ ၂၆လမ်းနှင့် ၆၆ လမ်းထောင့်တွင် ဖွင့်လှစ်ထားသော Hilton Hotel အား တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here