မန္တလေးဆိုင်ကယ်ဝယ်/ရောင်း စျေးကွက်အတွင်း ကျပ်တစ်သိန်းခွဲနှင့် ကျပ်နှစ်သိန်းဝန်းကျင် တစ်ပတ်ရစ်ဆိုင်ကယ်များသာ အရောင်းသွက်

281

 

မန္တလေး၊ သြဂုတ်
မန္တလေးမြို့ ဆိုင်ကယ် ဝယ်/ရောင်း စျေးကွက်အတွင်း စျေးတန်းမြင့် သောဆိုင်ကယ်များထက် ကျပ်တစ်သိန်းခွဲနှင့် ကျပ်နှစ်သိန်းဝန်းကျင် CZI ၊ ရုပ်ဆိုး စသည့် တစ်ပတ်ရစ် ဆိုင်ကယ်များသာ အရောင်းသွက် နေကြောင်း မန္တလေးမြို့ ၅၉ ဆိုင် ကယ်ဝိုင်းမှ သိရသည်။

“ဒီရက်ပိုင်း ဆိုင်ကယ်လာ ဝယ်တဲ့သူထက် လာရောင်းကြတဲ့သူ ပိုများတယ်၊ လာဝယ်တဲ့သူရှိ ပြန်တော့လည်း စျေးတန်းမြင့်တဲ့ ဘီးတွေကမရောင်းရဘူး၊ ကျပ်တစ်သိန်းခွဲနှစ်သိန်းပတ်ချာလည် ဘီး တွေလောက်ပဲ နည်းနည်းရောင်းရ တာ၊ အဓိက ကတော့ အခြေခံလူ တန်းစား လက်လုပ်လက်စားတွေမှာက ငွေပြတ်ကြတော့ ရှိတဲ့ဘီး ကောင်းလေးကို လာရောင်း၊ ပြီးရင် စီးဖြစ်ရုံ စျေးတန်းနိမ့်တဲ့ ဘီးလောက်ပဲ ဝယ်သွားကြတော့တာ” ဟု မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်း မှ ဝါရင့် ဝယ်/ရောင်းတစ်ဦးဖြစ်သူ ကိုလက်ပွားက ပြောကြားသည်။

Covid-19 ရောဂါထိန်းချုပ် ဆဲကာလတစ်လျှောက် မန္တလေးမြို့ ဆိုင်ကယ်ဝယ်/ရောင်းစျေးကွက် အတွင်း စံချိန်တင်အရောင်းအေးနေခဲ့ပြီး ယခုသြဂုတ်လလယ်ပိုင်း မှ အဝယ် အနည်းငယ်ပြန်လိုက်ကြောင်း၊ ထိုသို့ အဝယ်လိုက်ရာတွင်လည်း စျေးတန်းနိမ့်သော ကျပ်တစ်သိန်းခွဲဝန်းကျင် ဆိုင်ကယ်များသာ အမေးများသဖြင့် စျေးတန်းမြင့်ဆိုင်ကယ်များ စုပြုံရှိနေသော ဝယ်/ရောင်းများမှာအခက် တွေ့နေကြောင်း ၅၉ ဆိုင်ကယ်ဝိုင်းမှ ထပ်မံသိရသည်။

“လောလောဆယ် စျေးတန်းမြင့်ဘီးတွေ ဝယ်ထားမိတဲ့သူတွေတော့ ငုတ်တုတ်မေ့နေကြတယ်၊ မရောင်းရဘူးပေါ့၊ လောလောဆယ်မှာ ဝယ်/ရောင်းအများစု လုပ်ငန်းလည်ပတ်ဖို့ တော်တော်ရုန်း ကန်နေရတယ်၊ ပြီးခဲ့တဲ့လကဆို တချို့ဝယ်/ရောင်းတွေ မရောင်းရလို့ ဝယ်ထားတုန်းက ဆိုင်ကယ်က ရှစ်သိန်းခွဲ၊ ပြန်ရောင်းလိုက်ရတော့ ခုနစ်သိန်းခွဲ၊ အရံှုးခံပြီး ပြန်ရောင်းနေကြရတယ်၊ ငွေက ဂျမ့်ဖြစ်နေတော့ အရှုံးခံမရောင်းလို့ မရတော့ဘူးလေ”ဟု မန္တလေးမြို့ ၅၉ ဆိုင် ကယ်ဝိုင်းမှ ဝယ်/ရောင်းတစ်ဦးက ဆိုသည်။

လတ်တလောတွင် မန္တလေး မြို့ ဆိုင်ကယ်ဝယ်/ရောင်းစျေးကွက် အတွင်း အိန္ဒိယ FZ နှင့် မိုဒယ်နိမ့် ထိုင်း Honda ဆိုင်ကယ်များထက် ကျပ်တစ်သိန်းခွဲဝန်းကျင် တရုတ် တစ်ပတ်ရစ် ဆိုင်ကယ်များသာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ရေရှည်အထိ အဆိုပါအနေအထားအတိုင်း ဖြစ်နေဦးမည်ဟု ဝါရင့် ဝယ်/ရောင်း အချို့က သုံးသပ်သည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here