မန္တလေးခရိုင် Stay at Home သတ်မှတ်ကာလအတွင်း အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ အပြင်ထွက်သူများကို ရွေ့လျားစနစ်ဖြင့် စစ်ဆေးအရေးယူမည်

126

 

မန္တလေး၊ ဒီဇင်ဘာ ၅

မန္တလေးခရိုင် မြို့နယ်ပေါင်း ခုနစ်မြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့် ဒီဇင်ဘာ ၅ ရက်(ယနေ့)မှစ၍ Stay at Home နေထိုင်ကြရမည်ဖြစ်ပြီး အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ အပြင်ထွက်သူများကို ရွေ့လျားစနစ်ဖြင့် စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

“Stay at Home စလုပ်ခဲ့တဲ့ပုံစံအတိုင်း ဒီဇင်ဘာ ၅ ရက်ကနေ ၁၈ ရက်အထိ ပီပီပြင်ပြင် ဖြစ်စေချင်ပါတယ်၊ မလိုအပ်ဘဲ အပြင်ထွက်တာ၊ ထောက်ခံချက်မပါဘဲ အပြင်ထွက်တာတွေကို အရေးယူဆောင်ရွက်သွားဖို့ပါ၊ ကျုံးဘေးမှာ သွားလာနေကြသူတွေဟာ Mask တပ်ထားပေမဲ့ လူစုလူဝေးပုံစံဖြစ်နေတယ်၊ အဓိကက အပြင်မထွက်စေချင်တာ” ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်လည်းဖြစ် မန္တလေးတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌလည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

မန္တလေးခရိုင် မြို့နယ် ခုနစ် မြို့နယ်အတွင်း Covid-19 ရောဂါကူးစက်မှုနှုန်း မြင့်တက်လာသည့်အတွက် ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်အတွင်း Stay at Home နေထိုင်ပေးကြရန်နှင့် ဈေးဝယ်ထွက်ရာတွင်လည်း တစ်အိမ်လျှင် တစ်ဦးနှုန်းသာ ထွက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ အရေးပေါ် ကျန်းမာရေးကိစ္စနှင့် ဈေးဝယ်ထွက်ရန်သာ နေအိမ်များမှ ထွက်ခွာခွင့်ပြုမည်ဖြစ်ပြီး ထိုသို့သွားလာရာတွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများက ထုတ်ပေးထားသော ဈေးဝယ်ခွင့်ကတ်ပြားများ၊ ဆေးရုံ/ဆေးခန်း သွားလာခွင့်ကတ်ပြားများ၊ ခွင့်ပြုလုပ်ငန်းဖြစ်ပါက မြို့နယ်အလိုက် ဝင်ထွက်သွားလာခွင့်ကတ်ပြားများ ပါရှိရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်သည်။

မန္တလေးခရိုင်အတွင်း လိုက်နာမှုမရှိဘဲ စည်းကမ်းမဲ့အပြင်ထွက်သူများကို အရေးယူရန် မြို့နယ်အလိုက် စီမံခန့်ခွဲမှုကော်မတီအဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှ ရွေ့လျားစနစ်ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး အကြောင်းပြချက်ခိုင်လုံမှုမရှိဘဲ အပြင်ထွက်ခွာပါက ဒဏ်ငွေအပြင် လူမှုရေးပြစ်ဒဏ်ပါ ချမှတ်ရန် စီစဉ်နေကြောင်းလည်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်မံသိရသည်။

လက်ရှိတွင် မန္တလေးခရိုင်အတွင်း ရပ်ကွက်အချို့၌ ဈေးဝယ်ထွက်ခွင့်ကတ်ပြားများ၊ ဆေးရုံ/ဆေးခန်းသွားခွင့်ကတ်ပြားများနှင့် ခွင့်ပြုလုပ်ငန်းများ၏ မြို့နယ်အလိုက် ဝင်ထွက်ခွင့်ကတ်ပြားများ ထုတ်ပေးရာတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အချို့က ငွေကြေးတောင်းခံနေသည်ဟုလည်း လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့မြင်ရရုံသာမက မြေပြင်တွင်ပါ ပြောဆိုနေကြသည်ကို ကြားသိလာရသဖြင့် ထိုသို့ ငွေကြေးတောင်းခံရန် ခွင့်ပြုထားခြင်းလုံးဝမရှိကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ထပ်မံပြောကြားသည်။

“အကယ်၍ အခွင့်အရေးယူပြီး အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံနေတာရှိရင် တိုင်ကြားနိုင်ပါတယ်။ ကျွန်တော့်ရဲ့ Facebook Page ရယ်၊ သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးတွေဆီမှာ အထောက်အထားနဲ့ တိုင်ကြားလို့ရပါတယ်၊ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာပါ” ဟု ၎င်းက သတိပေးပြောဆိုထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here