မန္တလေးခရိုင်အတွင်းရှိ ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့များ လိုအပ်မည့် စက်သုံးဆီ၊ PPE ဝတ်စုံ အပါအဝင် ကျန်းမာရေးအထောက်အကူပြု အကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်

52

 

မန္တလေး၊ နိုဝင်ဘာ ၂၃

Covid-19 ပိုးတွေ့လူနာများ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးလာနေသော မန္တလေးခရိုင်တွင် အတည်ပြုလူနာများအား ဆေးရုံများသို့ သယ်ပို့ရာတွင်လည်းကောင်း၊ ထိစပ်လူနာများကို Quarantine Center များသို့ ပို့ဆောင်ရာတွင်လည်းကောင်း နေ့စဉ်နှင့်အမျှ သွားလာနေရသော ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့များအတွက် လိုအပ်မည့် စက်သုံးဆီ၊ PPE ဝတ်စုံ အပါအဝင် ကျန်းမာရေးအထောက်အကူပြု အကာအကွယ်ပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

“အခုရက်ပိုင်းမှာ Covid-19 ရောဂါပိုးတွေ့သူနဲ့ ထိစပ်တဲ့သူတွေကို ရှာဖွေပြီး Quarantine Center တွေကို ပို့နေတာလည်း စိပ်လာပါပြီ၊ ပရဟိတအသင်းတွေကလည်း အခက်အခဲတွေဖြစ်လာတယ်၊ အစိုးရဘက်က လုပ်ရမယ့်တာဝန်ရှိနေပြီးသားပါ၊ တတ်နိုင်သမျှ ဆောင်ရွက်သွားရမယ့် နည်းလမ်းတွေကို ဝိုင်းဝန်းပြီး ပြန်စဉ်းစားဖို့လိုလာပါပြီ” ဟု အဆိုပါကော်မတီ ဥက္ကဌလည်းဖြစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်လည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

မန္တလေးခရိုင်အတွင်း ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ အမရပူရမြို့နယ်များ၌ Covid-19 ပိုးတွေ့ရှိသူ ပိုမိုများပြားလာပြီး ကူးစက်ပြန့်ပွားမှုနှုန်း မြင့်လာသည်နှင့်အမျှ Quarantine Center များတွင် အခက်အခဲများရှိလာနိုင်ကာ အဆိုပါစင်တာများ၌ စောင့်ရှောက်မှုပေးမည့် Volunteer များလည်း ရှာရခက်ခဲလာကြောင်း၊ ထို့ပြင် Medical Person များ ထားရန် ခက်ခဲလာသည်သာမက အကျွေးအမွေးပိုင်းတွင်လည်း အခက်အခဲရှိလာသည့်အပြင် မန္တလေးခရိုင်အတွင်း မြို့နယ်အုပ်ရေးမှူးများအနေဖြင့် မိမိတို့မြို့နယ်၊ ရပ်ကွက်များအတွင်း Home Quarantine အစီအစဉ်ထားရှိမည်ဆိုပါက နောက်ဆက်တွဲကိစ္စရပ်များနှင့် စည်းကမ်းချက်များကို မည်သို့ဆောင်ရွက်သွားမည်ကို ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။

“မန္တလေးမှာ ပိုးတွေ့လူနာက တအားများလာတော့ တစ်ရက်တစ်ရက်ကို ကားဆီဖိုးက တစ်ပီပါအထက် ကုန်တယ်၊ ဂါလန်နဲ့တွက်ရင် ဂါလန် ငါးဆယ်ကနေ ၆၅ ဂါလန်ကြား နေ့စဉ်ကုန်နေတယ်ပေ့ါ၊ အလှူရှင်တွေကလည်း ကြာလာတော့ အီလာပြီ၊ သူတို့လည်း စီးပွားရေးက အဆင်မပြေတော့ အခက်တွေ့လာကြတယ်ပေါ့၊ လောလောဆယ်မှာတော့ လူမှုကူညီရေးအသင်းတွေရဲ့ကားတွေအများစု စက်သုံးဆီ အခက်တွေ့နေကြတယ်” ဟု Rescue လူသိများသည့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး)မှ ရုံးတာဝန်ခံ ကိုစွမ်းပြည့်အောင်က ဆိုသည်။

Covid-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ နိုဝင်ဘာ ၂၀ ရက် ည ၈ နာရီမှ နိုဝင်ဘာ ၂၁ ရက် ည ၈ နာရီအထိ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ ၁,၄၃၄ ဦး တွေ့ရှိခဲ့ရာ၌ မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၁၈ မြို့နယ်မှ အတည်ပြုလူနာ ၁၉၄ ဦး ပါဝင်ကာ ယင်းမြို့နယ် ၁၈ မြို့နယ်အနက် မန္တလေးခရိုင် မြို့နယ် ခုနစ်မြို့နယ်သည် ပိုးတွေ့လူနာ အများဆုံးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နိုဝင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်သည်။

မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မိတ္ထီလာ၊ မြင်းခြံ၊ ရမည်းသင်း၊ ညောင်ဦး စသော မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်မြို့များရှိ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့များထံ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က အောက်တိုဘာ ၉ ရက်တွင် စက်သုံးဆီဂါလန်စုစုပေါင်း ရှစ်ထောင်ကျော်အတွက် ကုန်ကျငွေနှင့် PPE ဝတ်စုံ နှစ်ထောင်ကျော်၊ Hand Gel နှစ်ရာကို ထောက်ပံ့ပေးခဲ့ဖူးသည်။ ယခုအခါ မန္တလေးခရိုင်အတွင်း Covid-19 ပိုးတွေ့လူနာ များပြားလာသည့်အတွက် ထပ်မံ၍ လိုအပ်မည့် စက်သုံးဆီ၊ PPE ဝတ်စုံအပါအဝင် ကျန်းမာရေးအထောက်အကူပြု အကာအကွယ်ပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဆိုသော်လည်း မည်သည့်နေ့ရက်တွင် ထောက်ပံ့ပေးမည်ကို မသိရှိရသေးပေ။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံများ- Swan Pyae Aung Fb

LEAVE A REPLY

Please enter your comment!
Please enter your name here