မန္တလေးခရိုင်အတွင်းရှိ ဆိုင်ကယ် Showroom များ ယနေ့မှစ၍ ယာယီပိတ်

269

 

မန္တလေး၊ ဒီဇင်ဘာ ၅

မန္တလေးခရိုင် မြို့နယ် ခုနစ်မြို့နယ်အတွင်းရှိ ဆိုင်ကယ် Showroom များအားလုံး ဒီဇင်ဘာ ၅ ရက်(ယနေ့)မှစ၍ ၁၈ ရက်အထိ ယာယီပိတ်ထားကြရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှတစ်ဆင့် ညွှန်ကြားလာသည့်အတွက် ယနေ့မှစ၍ စတင်ပိတ်သိမ်းထားကြကြောင်း မန္တလေးမြို့ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ စုံစမ်းသိရသည်။

“မနေ့ကပဲ ရပ်ကွက်ရုံးကနေ စာပို့လာတယ်၊ ဒီကာလအတွင်း ယာယီပိတ်ထားပေးဖို့ပေါ့၊ ဒါကြောင့် ဒီနေ့ကစပြီး ၁၈ ရက်အထိ ယာယီပိတ်ထားမယ်” ဟု မန္တလေးမြို့ YAMAHA ဆိုင်ကယ်အရောင်းပြခန်းမှ အရောင်းတာဝန်ခံတစ်ဦးက ပြောကြားသည်။

မန္တလေးခရိုင်အတွင်း Covid-19 ပိုးတွေ့လူနာ တွေ့ရှိမှု တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသည့်အတွက် ပြည်သူများအနေဖြင့် ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်အထိ မလိုအပ်ဘဲ အပြင်မထွက်ဘဲ Stay at Home နေထိုင်ပေးကြရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီဇင်ဘာ ၂ ရက်ကတည်းက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အဆိုပါကာလအတွင်း ပုဂ္ဂလိကလုပ်ငန်းများဖြစ်သည့် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ဆိုင်နှင့် သား၊ ငါး၊ အအေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ နေ့စဉ် တစ်ကိုယ်ရည်သုံးပစ္စည်း ထုတ်လုပ်သည့်စက်ရုံများ၊ ဆိပ်ကမ်းပို့ကုန်/သွင်းကုန် သယ်ဆောင်သည့် ကုန်တင်မော်တော်ယာဉ်၊ ရေယာဉ်လုပ်ငန်းများ၊ ကုန်းတွင်းကုန်သေတ္တာစခန်းများနှင့် ကုန်းတွင်းဆိပ်များ၊ ဆက်သွယ်ရေးဝန်ဆောင်မှုပေးရသော လုပ်ငန်းများဖြစ်သည့် စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်း၊ ကြိုးဖုန်းနှင့် မိုဘိုင်းတယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှုများ၊ တာဝါနှင့် ဖိုင်ဘာပြုပြင်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများကိုသာ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး ကျန်လုပ်ငန်းများကို လုပ်ကိုင်ခြင်းမပြုရန် မန္တလေးတိုင်းဒေသကြီးအစိုးရက ထုတ်ပြန်သည်။

ထို့ကြောင့် မန္တလေးခရိုင်အတွင်းရှိ ဆိုင်ကယ်အရောင်းပြခန်းများအားလုံး ယနေ့မှစ၍ ယာယီပိတ်သိမ်းလိုက်ကြပြီး ထိုသို့ ယာယီပိတ်ထားရန်လည်း ဒီဇင်ဘာ ၄ ရက်တွင် ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးရုံးများက အကြောင်းကြားစာများ ပေးပို့ခဲ့ကြောင်း မန္တလေးမြို့ပေါ်ရှိ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်များက ပြောဆိုသည်။

“တစ်ခရိုင်လုံး ပိတ်ခိုင်းတာဆိုတော့ ကျွန်တော်တို့လည်း လိုက်နာဖို့လိုတယ်လေ၊ ဒီနေ့ကစပြီး ယာယီပိတ်ထားတယ်” ဟု မန္တလေးမြို့ JIAFA ဆိုင်ကယ်အရောင်းပြခန်းပိုင်ရှင် ကိုဘိုဘိုမြတ်ကျော်က ဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here