မန္တလေးခရိုင်တွင် ရက်သတ္တပတ် သုံးပတ်အတွင်း Mask မတပ်ဘဲ သွားလာသူ ၁၀,၈၈၅ ဦးကို အရေးယူထား

264

 

မန္တ​လေး၊ ​မေ ၂၈

မန္တလေးတိုင်းဒေသကြီးအတွင်း ကား၊ ဆိုင်ကယ်များဖြင့် ပြင်ပသို့ သွားလာသူတိုင်း Mask တပ်ပြီးမှ သွားလာရန် ညွှန်ကြားထားပြီးဖြစ်သဖြင့် မန္တလေးခရိုင် မြို့နယ် ခုနစ်မြို့နယ်တွင် မေ ၉ ရက်မှ ၂၄ ရက်အထိ ရက်သတ္တပတ် သုံးပတ်တာကာလအတွင်း Mask မတပ်ဘဲ သွားလာသူ ၁၀,၈၈၅ ဦးအား အရေးယူထားကြောင်း မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

“မန္တလေးခရိုင် ခုနစ် မြို့နယ်မှာ Mask မတပ်တဲ့သူတွေကို အရေးယူမယ်ဆိုတဲ့အကြောင်း ကြိုတင်ကြေညာထားပါတယ်၊ အခုဆိုရင် မြို့နယ်အလိုက် ရွေ့လျားစနစ်နဲ့ လှည့်လည်စစ်ဆေးအရေးယူတဲ့အခါမှာ မေ ၉ ရက်ကနေ ၂၄ ရက်အထိ လူဦးရေ ၁၀,၈၈၅ ဦးတိတိ အရေးယူထားပါတယ်” ဟု အဆိုပါဌာနမှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးခရိုင်တွင် ဆိုင်ကယ်မောင်းသူ၊ ကားမောင်းသူနှင့် စီးနင်းသူများအပါအ၀င် မည်သူမဆို အပြင်ထွက်သူတိုင်း Mask လုံး၀တပ်ဆင်ရမည်ဖြစ်ပြီး ယင်းသို့ စနစ်တကျတပ်ဆင်သွားလာခြင်းများကို မေ ၉ ရက်မှ ၁၅ ရက်အထိ အသိပညာပေးကာလအဖြစ် သတ်မှတ်ဆောင်ရွက်ကာ စီမံခန့်ခွဲရေးနည်းလမ်းအရ ငွေကျပ် တစ်​ထောင်ဖြင့် Mask နှစ်ခု ၀ယ်ယူတပ်ဆင်စေ၍ အရေးယူမှုပြုလုပ်ခဲ့ကြောင်း၊ မေ ၁၆ ရက်မှစ၍ Mask ကို စနစ်တကျ လုံခြုံစွာ တပ်ဆင်ခြင်းမရှိသူများကိုမူ ငွေကျပ် ငါး​ထောင်ဖြင့် Mask နှစ်ခု ၀ယ်ယူတပ်ဆင်စေသည့် အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

“Mask ကို လူတိုင်းတပ်ဖို့လိုအပ်သလို စနစ်တကျတပ်ကြမှသာ ရောဂါကို ထိထိရောက်ရောက်ကာကွယ်နိုင်မှာပါ၊ Mask မတပ်လို့ အရေးယူခံရတဲ့သူတွေ ထပ်ပြီးကျူးလွန်ရင် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေနဲ့ အရေးယူသွားပါမယ်” ဟု အဆိုပါဌာနမှ တာ၀န်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

အပြင်ထွက်သူတိုင်း Mask မဖြစ်မနေတပ်ရန်နှင့် မတပ်ပါက အရေးယူမည့်အစီအစဉ်ကို မြန်မာနိုင်ငံတွင် မန္တလေးတိုင်းဒေသကြီးက ပထမဦးဆုံး စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပြည်တွင်း၌ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း စသည့် တိုင်းနှင့်ပြည်နယ်အချို့တွင်လည်း Mask မတပ်ဘဲ သွားလာသူများကို အရေးယူမှုများ စတင်ပြုလုပ်လျက်ရှိသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here