မနက်ဖြန်နှင့် လက်ကျန်ရက်များ

76

 

အော်တိုမိုဘိုင်းဂျာနယ်ကို ဖတ်ရှုသူသုံးမျိုး အနည်းဆုံးရှိမည်။ မော်တော်ကားပိုင်ရှင်များ၊ မော်တော်ကား ဝယ်/ရောင်းနှင့် ပွဲစားများ၊ မော်တော်ကားချစ်သူ၊ ဝါသနာပါသူများဟူ၍ ဖြစ်သည်။ ဒါထက်မက များစွာရှိချင် လည်း ရှိမည်။ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးမကြီးပါ။ ဖော်ပြခဲ့သည့် သုံးမျိုးအုပ်စု၏ အင်အားသည်ပင် မနည်းဘူးလို့ထင်သည်။ အော်တိုမိုဘိုင်းဂျာနယ်ကို အားပေးဖတ်ရှုကြသည့် အဲဒီပရိသတ်က ကျွန်တော်ရေးတဲ့ ဒီစာစုကို ဖတ်ရှုကြပြီး သတိ၊ ပညာ တစ်စုံတစ်ရာရသွားသည်ဆိုလျှင် ရေးရကျိုးနပ်သည်လို့ ယုံကြည်သည်။
အော်တိုမိုဘိုင်းဂျာနယ်သည် မော်တော်ကားအကြောင်း ဖော်ပြသည့် ဂျာနယ်လို့ ပုံသေသတ်မှတ်ထားလျှင် မသင့်တော်ပါ။ အကြောင်းအရာ အမျိုးမျိုးကိုသိနိုင်သည့် ဗဟုသုတ ဟင်းလေးအိုးကြီးလို့ ခံယူထားကြလျှင် ပိုကောင်းပါသည်။ လူသားနှင့် မော်တော်ကားသည် သတ္တဝါနှင့် ရုပ်ဝတ္ထု ပစ္စည်း ဖြစ်သည်။ သတ္တဝါမှာ ရုပ်နှင့်စိတ်၊ တစ်နည်း ရုပ်နှင့်နာမ် ရှိသည်။ မော်တော်ကားမှာ ရုပ်သာရှိသည်။ စိတ်မရှိ၊ နာမ်မရှိ။ မော်တော်ကား အပါအဝင် လူသုံးကုန်ရုပ်ဝတ္ထုပစ္စည်းတွေကို လူကလုပ်တာဖြစ်သည်။ ဒါ ကြောင့် လောကသုံးပါးတွင် သတ္တလောကမှာပါဝင်သည့် လူသာပဓာန ကျသည်။ လူအကြောင်းကိုသာ သိဖို့လိုအပ်သည့်အတွက် လူအကြောင်းကိုပဲ ပြောပါမည်။
လူအပါအဝင် သတ္တဝါအားလုံးသည် ရှင်သန်နေသမျှ၊ မသေသေးသမျှ ဘဝခရီးကို လျှောက်နေတာဖြစ်သည်။ ဘဝဆိုတာ အချိန်ကာလ တစ်ခုမျှသာ ဖြစ်သည်။ လူသားဖြစ်သည့် သင်သည် မနက်ဖြန်ဆိုသည့် နောက်တစ်နေ့ကိုရောက်အောင် စက္ကန့်၊ နာရီဆိုသည့် အချိန်တွေကို ချနင်းပြီး လျှောက်သွားနေတာဖြစ်သည်။ မသေသေးဘဲ ရှင်သန်နေသေးသည့်ကျွန်တော်သည် သေသွားသူတွေကို သတိရနေသည်။ အော်တိုမိုဘိုင်းဂျာနယ် စထွက်ကတည်းက အတူတကွ ပါဝင်ရေးသားနေခဲ့သည့် ဆရာချစ်နွေမိုး ကွယ်လွန်သွားသည့်အခါ သတိသံဝေဂရမိပြန်သည်။ လူ့ဘဝဆိုတာ ခဏလေးပါလားလို့ တွေးမိသည်။ သဘင်ပညာရှင် ကိုမန်းဝင်း၊ တေးရေး၊ တေးဆိုဂီတပညာရှင် ဂီတာဖေဝင်း၊ စာရေးဆရာ နွမ်ဂျာသိုင်းတို့ လမခြား၊ ရက်ခြား ဆက်တိုက် ကွယ်လွန်ကြတော့ ဘဝဆို တာကို သတိသံဝေဂရမိသည်။ သူတို့ရှင်သန်နေခဲ့ကြသည့် ပုံရိပ်တွေကို ပြန်လည်မြင်ယောင်နေမိသည်။
သူတို့တော့ ကွယ်လွန်ခဲ့ကြပြီ။ ငါက ရှင်သန်နေဆဲ၊ မသေသေး။ နောက်ထပ်ကာလ ဘယ်မျှကြာအောင် နေရဦးမှာပါလိမ့်၊ ဒီနေ့မိုးချုပ်ပြီ ဆိုတော့ မသေသေးဘူးဆိုတာ သေချာသည်။ မနက်ဖြန်နှင့် နောက်ရက် တွေမှာ ဘာဖြစ်မလဲဆိုတာ ကြိုတင်မသိနိုင်။ စီးပွားဥစ္စာ တိုးတက်ခြင်း၊ ယုတ်လျော့ခြင်းသည် ကံ၊ ဥာဏ်၊ ဝီရိယအကြောင်း သုံးမျိုးအပေါ်မှာ အခြေခံသည်။ အသက်ရှည်ခြင်း/တိုခြင်းက ကံ၊ စိတ်၊ ဥတု၊ အာဟာရ အပေါ်မှာ မူတည်သည်။ ကိစ္စနှစ်မျိုးစလုံးမှာ ကံပါနေသည်။ ကံမရှိလျှင် ဥာဏ်ရှိတိုင်း မွဲသည်။ ကျန်းမာသော်လည်း ကံကုန်လျှင် ရုတ်တရက် သေနိုင်သည်။ ကျန်းမာသူ လမ်းလျှောက်နေစဉ် ကားတိုက်လို့သေတာမျိုး ဖြစ်သည်။
ရှင်သန်နေသေးသည့် ကျွန်တော်သည် အချိန်ဆိုတဲ့ဘဝကို သမင်လည်ပြန် နောက်ပြန်ရစ်ကြည့်သည်။ ၂၀၂၀ ပြည့်နှစ်မှာ အသက် ရှစ်ဆယ်ထဲကို ဝင်ရောက်သည်။ ၂၀၂၁ ခုနှစ်၊ ဧပြီလ၊ သို့မဟုတ် မေလမှ အသက် ရှစ်ဆယ်ပြည့်မည်ဖြစ်သည်။ ကျွန်တော့်မွေးနေ့ကို အဖေက ငါမသိလို့ ပြောသည်။ အမေက မမှတ်မိ။ နင်ဟာ ကျော်ဆွေနဲ့ မီးဝင်၊ မီးထွက်လို့သာ ပြောသည်။ အဒေါ်က အတော်နီးစပ်စွာ ပြောသည်။ ၁၃၀၃ ခု၊ သင်္ကြန်လွန်မှ ကဆုန်လမှာ မွေးတယ်လို့ ပြောသည်။ အဲဒီတော့ ဖြစ်နိုင်ခြေတွေကို သုံးသပ်သည်။ မသေသေးသည့် သူငယ်ချင်းကျော်ဆွေကို မေးသည်။ ၁၃၀၃ ခု ဟု ဖြေသည်။ မီးဝင်မီးထွက်ဆိုတာ ခုနစ်ရက်ကြီး၊ ခုနစ်ရက်ငယ်သာဖြစ်လို့ အတော်နီးစပ်သည်။ ဘယ်သူက ထွက်၊ ဘယ်သူက ဝင်ဆိုတာကိုပင် အမေကမပြောခဲ့လို့ အဒေါ်ပြောတာကို အတည်ယူ ရသည်။
၁၃၀၃ ခုဆိုတာ ၁၉၄၁ ခု ဖြစ်သည်။ ဂျပန်က ၁၉၄၂ ခုမှာ ဝင်လာသည်။ ကျွန်တော် အခါလည်သားအရွယ်ဖြစ်လို့ မှတ်မိသလိုလို၊ မမှတ်မိ သလိုလိုဖြစ်နေသည်။ သူကြီးအိမ်နှင့် တစ်အိမ်သာခြားသည့်အတွက် သူ ကြီးအိမ်ကိုလာကြသည့် ဂျပန်ဗိုလ်ကြီး မြင်းစီးလာတာကို မြင်ဖူးသလိုလို စိတ်ကထင်နေ၍ ကျွန်တော့်ကို ၁၉၄၁ ခုနှစ်မှာ မွေးတာ ဖြစ်မည်။
အဲဒီတော့ ကျွန်တော်သည် ၂၀၂၁ ခုနှစ်၊ ဧပြီ၊ သို့မဟုတ် မေလ တွင် အသက် ရှစ်ဆယ်ပြည့်မည်ဖြစ်သည်။ အသက် ရှစ်ဆယ်ဆိုတာ ဘာမျှ မကြာလိုက်ပါလားလို့ သတိရလိုက်သည်။ သံသရာမှာ ဒီဘဝက ခဏအနားယူပြီး နောက်ဘဝတစ်ခုကို ကူးရဦးမည်ပါလားလို့ သိလိုက် သည်။ ဘဝ ဆိုတာ အချိန်ကာလတစ်ခုသာ ဖြစ်သည့်အတွက် အသက် ရှစ်ဆယ်ဆိုသည့် ကာလရက်ပေါင်း ၂၉,ဝဝဝ ကျော်မျှကြာခဲ့ပြီးဖြစ်သည်။ နောက်ထပ်ရှင်သန်နေရဦးမည့်ကာလ မနက်ဖြန်ကစလို့ ဘယ်လောက်များ ကြာကြာနေပါ့မလဲ။ ငါးနှစ်ဆိုလျှင် ရက်ပေါင်း ၁,၈၀ဝ ကျော်မျှသာနေရမည်။ ဆယ်နှစ်ဆိုလျှင်တော့ ရက်ပေါင်း ၃,၆၀ဝ မျှ ရှင်သန်နေရဦးမည်ဖြစ်သည်။
ဘဝ၏အစကို ပြန်လှည့်ကြည့်လိုက်သည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်နေသည့်ကာလမှာ လူ့ပြည်ကိုရောက်ခဲ့သည်။ မိဘဆင်းရဲတော့ ဒေသ အစဉ်အလာအရ ဘုန်းကြီးကျောင်းသားလေး၊ ကိုရင်လေး။ နောက်တော့ ကိုရင်ကြီး။ ပြည်တော်သာခေတ် ရန်ကုန်ရောက်ကိုရင်။ တော်လှန်ရေး ကောင်စီခေတ် ရေတပ်သား။ မဆလခေတ်၊ နဝတ၊ နအဖခေတ်အထိ နိုင်ငံခြားသင်္ဘောသားဘဝဖြင့် အသက် ခြောက်ဆယ်ပြည့်ခဲ့သည်။ ၂၀ဝ၀ ပြည့်နှစ်မှ ဒီနေ့အထိ ဘာအလုပ်မျှမရှိတော့လို့ စာရေးခြင်း၊ စာဖတ်ခြင်း ဖြင့် မနက်ဖြန်နှင့် လက်ကျန်ရက်တွေကို ဖြတ်ကျော်ဖို့လျှောက်လှမ်းနေ ပါသည်။ ငယ်ဘဝအတိတ် ကာလတွေသည် ကျန်ခဲ့ပြီဖြစ်သော်လည်း ပြန်စဉ်းစားလိုက်လျှင် အမှတ်ရနေပါ သေးသည်။
ကျွန်တော့်ကိုမွေးသည့် ရွာမှာ မော်တော်ကားမရှိ၊ မော်တော် ဆိုင်ကယ်မရှိ၊ ဘိုင်စကယ် တောင် တစ်စီးသာရှိသည်။ ကျွန်တော်ဘုန်းကြီး ကျောင်းသား အရွယ်ရောက်တော့မှ နှစ်စီးသာ ရှိသည်။ ကျွန်တော်တို့ရွာ သည်။ သံတွဲမြို့နှင့် မိုင်လေး ဆယ်ဝေးသည်။ သံတွဲမြို့ မှာတော့ သစ်စက်၊ ဆန်စက်ပိုင်ရှင် သူဌေး ဦးအဗ္ဗဒူလ်ပိုင်သည့် စစ်ကျန်လော်ရီကားကြီး နှစ်စီးရှိသည်။ ချက်ဗလက် ခေါင်းတိုနှင့် ခေါင်းရှည်ဖြစ်သည်။ လမ်းမကောင်းသည့်အတွက် သံတွဲမြို့မှ ၁၀ မိုင်ဝန်းကျင်ကိုပဲ မောင်းသွားနိုင်သည်။ ကျွန်တော်တို့ရွာ ဘက်ကို မရောက်လို့ ကျွန်တော် ၁၀ နှစ်သားအရွယ်လောက်အထိ မော်တော်ကားကို မမြင်ဖူးသေးဖြစ်နေသည်။
ကျွန်တော် ၁၀ နှစ်သားအရွယ်မှာ မြို့က ကျောင်းကြီးကထိန်အလှူ ကို ဆရာတြွော်ကလို့ ကျောင်းသားလေးအဖြစ် လိုက်သွားသည်။ မြို့မှ ၁၀ မိုင်အကွာရှိသည့် ဇလွန်ရွာမှမြို့ကိုသွားရန် ခရီးသည်စောင့်နေသည့် လော်ရီကားကြီးကို ပထမဆုံး စတင်စီးဖူးသည်။ လော်ရီကားကြီးတွေကို မောင်းသည့် ယာဉ်မောင်းဆရာကြီးတွေက ဦးယာကွတ်၊ ဦးသာမောင် ဆိုတာတွေကို မှတ်မိသည်။ ယာဉ်စီးခတစ်ကျပ်ကို ဦးယာကွတ်က မယူ။ ဆရာတော်နှင့် ကျောင်းသားတွေကို အခမဲ့ တင်ယူသွားသည်။ ပထမဦးဆုံး ကားစီးဖူးတာ ဖြစ်သည်။ အသက် ၁၇ နှစ်အရွယ်မှာ ရွာကထွက်ပြီး ရန်ကုန်ကိုလာတော့ မြို့နှင့် မိုင်နှစ်ဆယ်ဝေးသည့် ကျောက်ကြီးရွာမှာ ကျွန်တော့် ဦးလေးမောင်းသည့် လော်ရီကားကြီးနဲ့တွေ့လို့ တင်ခေါ်သွားသည့်အတွက် ဒုတိယအကြိမ် ကားစီး ဖူးပြန်သည်။ ၂၉-၁၂-၁၉၅၈ ခုနှစ် ရန်ကုန်မြို့ကို ရောက်တော့မှ ခရီးသည်တင်ကား ဗိုက်ပူတွေကို စတင်မြင်ဖူးသည်။ အခုလို နံပါတ်တွေနဲ့ မဟုတ်သေး၊ အရုပ်တွေ ဖြစ်သည်။ နာရီ၊ ပုစွန်၊ ရွက်လှေ၊ ရထားခေါင်း၊ မြင်း ဖြူ/နီ/ကျား၊ ကြံ့၊ နဂါး၊ ဗြဟ္မာရုပ်တွေ ဖြစ်သည်။ ကားစီးရတာ လွယ် သည်။ ပုဇွန်တောင်သွားချင်လျှင် ပုစွန်ကိုစီး၊ ကမ်းနားလမ်းသွားချင်လျှင် ရွက်လှေစီး၊ မြင်းပြိုင်ကွင်းသွားချင်လျှင် မြင်းဖြူ/နီ/ကျား စီး၊ ဆင်၊ ကျား၊ ယုန်ကြိုက်တာစီး တိရစ္ဆာန်ရုံကိုရောက်သည်။ သတိထားရတာ တစ်ခုပဲရှိသည်။ ကြံ့ကိုစီးလျှင် ထောက်ကြန့်ကို ရောက်သွားသည်။
အဲဒီအချိန်ကစပြီး ယနေ့အချိန်အထိ နှစ်ပေါင်း ခြောက်ဆယ်ဆိုသည့် ကာလသည် ဘာမျှ မကြာလိုက်သလိုပါလားလို့ တွေးနေမိသည်။ အဲဒီတုန်းက အသက် ၁၇/၁၈ အရွယ်။ နုနယ်ရုပ်ဆင်း၊ ပျိုမျစ်ခြင်းကြောင့် အသားရေ စိုပြည်နေခဲ့သည်။ အခုတော့ အသက် ရှစ်ဆယ်။ အိုခဲ့ပြီ၊ နာနေပြီ၊ မကြာတော့သည့်ကာလမှာ သေရပေဦးမည်။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ၊ မွေး၊ အို၊ နာ၊ သေရခြင်းဟာ ဘယ်တန်ခိုးရှင်ရဲ့ အလိုကျမှမဟုတ်။ နိယာမ သဘာဝသာဖြစ်လို့ လူတိုင်းကြုံကြရမည်ဖြစ်သည်။ ငါမအိုသေးဘူး၊ ငါမနာသေးဘူးလို့ ထင်နေကြသည်။ ငါမသေဘူးလို့ ထင်သူတွေ တောင် ရှိနိုင်သည်။ မမြဲတဲ့အနိစ္စ၊ အနတ္တကိုမြင်ပြီး လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣသာ၊ မစ္စရိယ ကင်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here