မတ်လပထမပတ်အထိတိုင်အောင် မူဝါဒများ ထွက်ပေါ်မလာသေး၍ ဆက်ပြီးအေးစက်နေသည့် ရန်ကုန်ကားစျေးကွက်

1120

မတ်လ ပထမပတ်ကျော်သည့်တိုင်အောင် ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းခွင့်ပေါ်လစီ(YVQC) ထွက်မလာသေးသောကြောင့် ကားအရောင်းအဝယ်ဆက်ပြီးအေးစက်နေသလို ဝင်ငွေခွန်ပြောင်းလဲကောက်ခံမည့် အခွန်အကောက်ဥပဒေသစ်ကလည်း မထုတ်ပြန်သေးသည့်အတွက် စျေးကွက်ငြိမ်သက်လျက်ရှိနေသည်။ ထို့ပြင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများလည်းရှိသောကြောင့် ဝယ်လက်ပျောက်နေကာ ယာဉ်ရောင်းဝယ်ရေးစခန်း များတွင်လည်း ခြောက်ကပ်ကပ် ဖြစ်နေသည်။

”ရန်ကုန်လိုင်စင်ဖွင့်ပေးမယ့်အချိန်နဲ့ ဝင်ငွေခွန် အပြောင်းအလဲကို စောင့်ကြည့်နေကြတဲ့အတွက် အရောင်းအဝယ်က အရင်ထက်ပိုအေးသွားပါတယ်၊ ပြီးခဲ့တဲ့နှစ်တွေတုန်းက ဒီအချိန်တွေဆိုရင် အရောင်းအဝယ် ကောင်းလေ့ရှိပေမဲ့ ဧပြီလမှာ ပြောင်းလဲမယ့်မူဝါဒတွေ စောင့်ကြည့်နေကြလို့ စျေးကွက်ငြိမ်သက်နေပါတယ်၊ ဒီရက်ပိုင်းမှာ အရောင်းအဝယ်အဖြစ်များတဲ့ ၁၃ဝဝ စီစီကားလေးတွေလောက်ပဲ တစ်စီး၊ နှစ်စီး ရောင်းထွက်ပါတယ်၊ သိန်းလေးရာကျော်ကားတွေကတော့ အရောင်းအဝယ်မဖြစ်သလောက်ပါပဲ၊ YVQC စနစ်ကျင့်သုံးရင် နယ်လိုင်စင်ကားတွေကို ရန်ကုန်လိပ်စာပြောင်းခွင့် မပေးဘူးဆိုတဲ့အတွက် နယ်ကားတွေလည်း ဝယ်လက်ပျောက်သွားပါတယ်၊နယ်အဝယ်တွေကလည်းဝင်ငွေခွန်အပြောင်းအလဲကို စောင့်ကြည့်နေကြတဲ့အတွက် ဒီရက်ပိုင်းမှာ အမေးပဲရှိတယ်၊ တကယ်ဝယ်မယ့်သူက မရှိသလောက် ရှားသွားတယ်”ဟု ကားဝယ်/ရောင်း ဦးချက်ကြီးက ဆိုသည်။

လက်ရှိဘက်ဂျတ်နှစ်တွင် ပြည်ပမှတင်သွင်းလာသည့်ကားများနှင့် ပြည်တွင်းထုတ်ကားများကို ဝင်ငွေခွန် ကောက်ခံရာ၌ ကျပ်သိန်းသုံးရာအထိ ကားများကို ၁၅ ရာခိုင်နှုန်း၊ သိန်း ၃ဝ၁ ကျပ်မှ သိန်းတစ်ထောင်အထိကား များကို ၂ဝ ရာခိုင်နှုန်းနှင့် ကျပ်သိန်းတစ်ထောင်အထက်ကားများကို ၃ဝ ရာခိုင်နှုန်းကောက်ခံလျက်ရှိရာ လာမည့်ဘက်ဂျတ်နှစ်တွင် တန်ဖိုးမခွဲခြားဘဲ ၃ ရာခိုင်နှုန်းသာ ကောက်ခံမည်ဟု သတင်းများထွက်ပေါ်နေသည်။ အခွန်အကောက်ဥပဒေမူကြမ်းအရဝင်ငွေခွန်များ လျှော့ပေါ့ကောက်ခံပါက တန်ဖိုးအပေါ်မူတည်ပြီး ပေးဆောင်ရမည့်အခွန်နှုန်းထားများလျော့နည်းသွားမည်ဖြစ်ရာ ယင်းအပြောင်းအလဲကို စောင့်ကြည့်နေကြသောကြောင့် စျေးကွက်အေးစက်သွားခြင်းဖြစ်ကြောင်း သိရသည်။

”လာမယ့်ဘက်ဂျတ်နှစ်မှာ ဝင်ငွေခွန်တွေ လျှော့ပေါ့ကောက်ခံမယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် ဒီအပြောင်းအလဲကို အားလုံးကစောင့် ကြည့်နေကြပါတယ်၊ အမြင့်ကားတွေရဲ့စျေးကွက်အေးသွားပြီး သိန်းနှစ်ရာ အောက်ကားတွေလောက်ပဲ အရောင်းအဝယ်ဖြစ်တယ်၊ အဝယ်တွေအနေနဲ့ ဝင်ငွေခွန်တွေလျှော့ပေးရင် ကားစျေးကျသွားမယ်လို့ထင်ပြီး မဝယ်ကြတာ လည်းပါတယ်၊ သိန်းနှစ်ရာအောက်ကားတွေကတော့ အပြောင်းအလဲသိပ် မရှိတဲ့အတွက် ဝယ်ကြပါတယ်၊ အမြင့်ကားတွေကတော့ မဖြစ်မနေလိုအပ်တဲ့သူလောက်ပဲ ဝယ်ကြတာများတယ်၊ မူဝါဒတွေထွက်ပေါ်ပြီး ဧပြီလ နောက်ပိုင်းကျမှပဲ စျေးကွက်ငြိမ်ပြီး အရောင်းအဝယ် ပြန်ကောင်းလာဖို့ရှိပါ တယ်”ဟု ‘ KMT Auto ‘ မန်နေဂျင်းဒါရိုက်တာ ကိုကျော်မင်းထွန်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဧပြီလမှ စတင်ကျင့်သုံး မည့် YVQC စနစ်တွင် ကားအစီးရေ ကန့်သတ်မထားဘဲ အင်ဂျင်ပါဝါအလိုက် သတ်မှတ်ပြီး ၁၆ဝဝ စီစီအထိကားများကို ကျပ်သိန်းသုံးဆယ်၊ ၁၆ဝ၁ စီစီမှ ၃ဝဝဝ စီစီအထိ ကားများကို ကျပ်သိန်းခြောက်ဆယ်နှင့် ၃ဝဝဝ စီစီအထက်ကားများကို ကျပ်သိန်းကိုးဆယ် ကောက်ခံမည်ဟု မူကြမ်းရေးဆွဲထားသည်။ နယ်လိုင်စင်ကားများကိုမူ စတင်ခွင့်ပြုသည့် တစ်နှစ်အတွင်း ရန်ကုန်လိပ်စာပြောင်းခွင့်ပေးမည်မဟုတ်သလို မြို့ဝင်ကြေးများလည်း ပြန်လည်ကောက်ခံမည်ဟု သိရသည်။ ထို့ပြင် ထုတ်လုပ်မှု သက်တမ်း နှစ်နှစ်ဆယ်ပြည့်ကားများကို နှစ်လဲသက်တမ်းတိုး မှတ်ပုံတင်ကြေး တိုးမြင့်ကောက်ခံရန် စီစဉ်နေသဖြင့် နယ်လိုင်စင်ကားများနှင့် သက်တမ်းနှစ်နှစ်ဆယ်ပြည့်ကားများမှာလည်း အရောင်းအဝယ်ငြိမ်သက် သွားခဲ့သည်။

ကားအရောင်းအဝယ်များ အေးစက်နေသည့်အချိန်တွင် စလစ်စျေးများလည်း တန့်နေရာ ရန်ကုန်လိုင်စင် သက်တမ်းနှစ်နှစ်ဆယ်စလစ်သည် ကျပ် ၁၂၇ သိန်း၊ နယ်လိုင်စင် သက်တမ်း နှစ်နှစ်ဆယ်စလစ်သည် ကျပ် ၁၁၅ သိန်းဝန်းကျင်နှင့် တိုက်ကြေစလစ်သည် ကျပ်သိန်း ၁၁ဝ ဝန်းကျင် တို့တွင် ငြိမ်သက်နေသည်။ YVQC စနစ် ကျင့်သုံးပါက ကားစျေးကွက်နှင့်အတူ အပ်ကားများလည်း အပြောင်းအလဲဖြစ်ပေါ်လာနိုင်ရန် ကားအရောင်းစင်တာများမှ Consignment စနစ်ဖြင့်တင်သွင်းထားသည့် ညာမောင်းကားများကို ရန်ကုန်လိုင်စင်ပေးမပေးအပေါ်မူတည်ပြီး စလစ်စျေးကွက်လည်း အပြောင်းအလဲဖြစ်လာနိုင်မည်ဖြစ်ကြောင်း ကားတင်သွင်းသူများက သုံးသပ်ထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here