မတ်လနှင့် ဧပြီလတွင် မှတ်ပုံတင်သက်တမ်းကုန်ဆုံးသည့် မော်တော်ဆိုင်ကယ်များ ဇွန် ၈ ရက်မှ ဇူလိုင် ၃၁ ရက်အတွင်း လာရောက်ဆောင်ရွက်မှသာ ဒဏ်ကြေးလျှော့ပေါ့ခွင့်ရမည်

386

မန္တ​လေး၊ ဇွန် ၅

Covid-19 ရောဂါကြောင့် ကညနရုံးများတွင် ယာဉ်သက်တမ်းတိုးခြင်းလုပ်ငန်းများ ရပ်နားထားခဲ့ရသည့်အတွက် မတ်လနှင့် ဧပြီလတွင် မှတ်ပုံတင်သက်တမ်း ကုန်ဆုံးသည့် မော်တော်ဆိုင်ကယ်များအနေဖြင့် ၀န်ဆောင်မှုလုပ်ငန်းများ စတင်ဖွင့်လှစ်သည့် ဇွန် ၈ ရက်မှ ဇူလိုင် ၃၁ ရက်အတွင်း လာရောက်ဆောင်ရွက်ရမည်ဖြစ်ပြီး အဆိုပါကာလအတွင်း လာရောက်ဆောင်ရွက်မှသာ ဒဏ်ကြေးလျှော့ပေါ့ခွင့်ရမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“Covid-19 ရောဂါထိန်းချုပ်ကာကွယ်မှုတွေ လုပ်နေတဲ့ကာလအတွင်းမှာ ကညနရုံးတွေရဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေလည်း ရပ်နားထားခဲ့ရတယ်၊ အခုတော့ ၀န်ဆောင်မှုလုပ်ငန်းတချို့ကို ဇွန် ၈ ရက်မှာ ပြန်လည်စတင်တော့မှာဖြစ်တဲ့အတွက် မော်တော်ဆိုင်ကယ်တွေလည်း မှတ်ပုံတင်သက်တမ်းတိုးတာတွေ လာရောက်ဆောင်ရွက်နိုင်ပါပြီ၊ အထူးသဖြင့် ၀န်ဆောင်မှုလုပ်ငန်းတွေပိတ်ထားဆဲကာလမှာ သက်တမ်းကုန်ဆုံးသွားတဲ့ မော်တော်ဆိုင်ကယ်တွေအနေနဲ့ သတ်မှတ်ကာလအတွင်း လာရောက်သက်တမ်းတိုးမှပဲ ဒဏ်ကြေးကင်းလွတ်ခွင့်ရမယ်၊ သတ်မှတ်ကာလကျော်သွားရင်တော့ သတ်မှတ်ထားတဲ့နှုန်းထားတွေအတိုင်း ဒဏ်ကြေးဆောင်ရပါမယ်”ဟု အဆိုပါဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် မတ်လနှင့် ဧပြီလတွင် မှတ်ပုံတင်သက်တမ်း ကုန်ဆုံးခဲ့သည့် မော်တော်ဆိုင်ကယ်များအနေဖြင့် ဇွန် ၈ ရက်မှ ဇူလိုင် ၃၁ ရက်အတွင်း သက်တမ်းတိုးလာရောက်ဆောင်ရွက်ရမည်ဖြစ်ကာ မေလတွင် မှတ်ပုံတင်သက်တမ်းကုန်ဆုံးသည့် မော်တော်ဆိုင်ကယ်များအနေဖြင့် ဇွန် ၈ ရက်မှ သြဂုတ် ၃၁ ရက်အတွင်း သက်တမ်းတိုးလာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဇွန်လ၌ မှတ်ပုံတင်သက်တမ်းတိုးကုန်ဆုံးမည့် မော်တော်ဆိုင်ကယ်များအနေဖြင့် ဇွန် ၉ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း လာရောက်ဆောင်ရွက်ရမည်ဖြစ်ကာ သတ်မှတ်ကာလအတွင်း လာရောက်ဆောင်ရွက်ခြင်းမပြုပါက ဒဏ်ကြေး​လျှော့ပေါ့ခွင့်ပေးမည်မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“၀န်ဆောင်မှုရပ်ဆိုင်းထားတဲ့ကာလမှာ မှတ်ပုံတင်သက်တမ်း တစ်ဆက်တည်း ငါးနှစ်ကျော်ပြီး နှစ်ပြတ်နိုင်တဲ့ မော်တော်ဆိုင်ကယ်တွေဆိုရင် အခုသတ်မှတ်ထားတဲ့ကာလအတွင်းမှာ လာရောက်သက်တမ်းတိုးဖို့လိုပါတယ်၊ သတ်မှတ်ကာလအတွင်း သက်တမ်းလာမတိုးဘူးဆိုရင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအရ မှတ်ပုံတင်ဖျက်သိမ်းသွားပါမယ်” ဟု အဆိုပါဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ထပ်မံဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင်မူ မန္တလေးမြို့ သိပ္ပံလမ်းရှိ တိုင်းဦးစီးမှူးရုံး၊ ခရိုင်ရုံး (မန္တလေးတောင်ပိုင်း/ မန္တလေးမြောက်ပိုင်း) ရုံးများ၌ အပတ်စဉ် စနေနေ့ကိုပါ ၀န်ဆောင်မှုလုပ်ငန်းများ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (နောက်ဆုံးပတ်)အထိ Online Booking ရယူနိုင်ပြီး အသေးစိတ်အချက်အလက်များကို www.rtad.gov.mm Website နှင့် RTAD HQ Facebook စာမျက်နှာတို့တွင်ပါ ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here