ရန်ကုန်၊ ဇန်နဝါရီ
YBS ယာဉ်စီးခကို မတ်လမှ စတင်၍ ကတ်စနစ်ဖြင့် ပေးချေနိုင်တော့မည်ဖြစ်ပြီး ယာဉ်စီးခပေးချေရာတွင် ကျပ်တစ်ရာမှ စတင်၍ ခရီးစဉ်အလိုက် သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။
ကတ်စနစ်ကို လာမည့် မတ်လမှစတင်ကာ မြို့တွင်းပြေးဆွဲနေသည့် ကုမ္ပဏီပိုင်ယာဉ်လိုင်းအချို့တွင် စတင်အသုံးပြုမည်ဖြစ်ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီ၏ ပြုလုပ်နိုင်သည့် ကတ်အရေအတွက်အပေါ် မူတည်၍ ယာဉ်အစီးရေကို ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
”ကတ်စနစ်ကို မတ်လမှာစမယ်ဆိုပေမဲ့ ငွေပုံးကိုလည်း ပုံမှန်အတိုင်းပဲထားမယ်၊ ကတ်နဲ့စီးမယ်ဆိုရင် လပေးက ဘယ်လိုနှုန်းထားနဲ့ပေးရမယ်၊ တစ်ထာင်ဖိုးစီးရင် ခရီးစဉ်တစ်ခေါက် အပိုရရှိမယ် ဆိုတာမျိုးနဲ့ ပြည်သူတွေ စိတ်ဝင်စားအောင် လုပ်ဆောင်မှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့’ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။
ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေမှုနှင့် ပတ်သက်၍ Sky Star ဟိုတယ်၌ ပြုလုပ်သည့် YBS တစ်နှစ်ပြည့် အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၂ဝ၁၈ ခုနှစ်တွင် ကတ်ဖြင့် ယာဉ်စီးခပေးချေသည့် စနစ်ကို အဓိက ဆောင်ရွက်မည်ဖြစ်ကာ မြန်မာနိုင်ငံသားတိုင်း လက်လှမ်းမီသည့် ကတ်စနစ်မျိုးဖြစ်အောင် စီစဉ်မည်ဖြစ်သည့်အပြင် အခြားအသုံးပြုစရာများကိုလည်း ကတ်ဖြင့် ငွေပေးချေနိုင်ရန်အထိ လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေခြင်းအတွက် တင်ဒါခေါ်ယူခြင်း ကို ၂ဝ၁၇ ခုနှစ်၊ စက်တင်ဘာလမှ စတင်ခဲ့ရာ တင်ဒါနောက်ဆုံးအဆင့်တွင် လျှောက်ထားသည့် ကုမ္ပဏီ သုံးခုထဲမှ Excel KC Myanmar ကုမ္ပဏီကို ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကြည်ပြာ