မည်သည့် ဆိုင်ကယ်အမျိုးအစားမဆို ကီလိုမီတာသုံးထောင်ပြည့်တိုင်း  အရည်အသွေးမီ  အင်ဂျင်ဝိုင် လဲလှယ်ပေးသင့်ဟု  ဆို

1213

ဖွံ့ဖြိုးပြီးပြည်ပနိုင်ငံများတွင် ကီလိုလေးထောင်၊ သို့မဟုတ် ကီလို ငါးထောင်ပြည့်တိုင်း အင်ဂျင်ဝိုင် လဲလှယ်ရန် သက်ဆိုင်ရာကုမ္ပဏီအချို့ မှ လမ်းညွှန်မှုရှိသော်လည်း မြန်မာနိုင်ငံအတွင်း စီးနင်းနေကြသော ဆိုင်ကယ်များအနေဖြင့် လမ်းပန်းဆက်သွယ်ရေး အနေအထားအရ ကီလိုမီတာသုံးထောင်ပြည့်တိုင်း အင်ဂျင်ဝိုင် လဲလှယ်ပေးသင့်ပြီး အင်ဂျင်အပါအဝင် စက်ပိုင်းဆိုင်ရာကိုပါ တစ်လတစ်ကြိမ် စစ်ဆေးသင့်ကြောင်း မန္တလေးမြို့ရှိ ဝါရင့်ဆိုင်ကယ်ဝပ်ရှော့ဆရာများက အကြံပြု ပြောကြားသည်။

 

”ပြည်ပနိုင်ငံတွေမှာတော့ ကီလိုလေးထောင်ပြည့်ရင် အင်ဂျင်ဝိုင်တစ်ကြိမ် လဲရတယ်ဆိုပေမဲ့ မြန်မာနိုင်ငံမှာ လမ်းအနေအထားနဲ့ ရာသီဥတုအရ ကီလိုသုံးထောင်ပြည့်တိုင်း တစ်ကြိမ်လဲသင့်တယ်၊ ဝပ်ရှော့တချို့မှာတော့ အင်ဂျင်ဝိုင်ကို တစ်လတစ်ခါလဲပေးရမယ်လို့ ပြောကြတယ်၊ အဓိက ကတော့ လနဲ့မဆိုင်ဘဲ ကီလိုမီတာ သုံးထောင်ပြည့်တိုင်း အင်ဂျင်ဝိုင်ပုံမှန် ပြန်လဲပေးသင့်တယ်၊ ကီလိုမီတာနှုန်းထား သိအောင်လည်း အချက်ပြ မိုင်းလေ့ဂျ်ကြိုးလည်း တပ်ဆင်ထားသင့်ပါတယ်၊ အခုဆို ဆိုင်ကယ်စီးလာတာကြာရင် မိုင်းလေ့ဂျ်ကြိုးက ပြတ်တာတွေရှိတော့ နောက်တစ်ကြိမ် အသစ်မထည့်ကြတော့ဘဲ အပျက်အတိုင်းစီးနေကြတယ်၊ မိုင်းလေ့ဂျ်ကြိုး အလုပ်မလုပ်ရင် ကီလိုမီတာလည်း အချက်ပြမှာမဟုတ်ဘူး၊ ကီလိုမီတာအချက်မပြရင် အင်ဂျင်ဝိုင် ဘယ်အချိန်လဲရမယ်ဆိုတာ အသိနောက်ကျလာတာနဲ့အမျှ အင်ဂျင်ပျက်စီးစေမှုကိုပါ တွန်းအားပေးစေပါတယ်”ဟု ဆိုင်ကယ်ဝပ်ရှော့လုပ်ငန်းကို နှစ်နှစ်ဆယ်ကျော်ကြာ ဖြတ်သန်းလာခဲ့သူ မန္တလေးမြို့ခံ ဦးစိုးသိန်းက ပြောကြားသည်။

 

မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်နေသော ဆိုင်ကယ်များတွင် ထိုင်းနှင့် အိန္ဒိယနိုင်ငံထုတ် ဆိုင်ကယ်များမှာ ပြင်ဆင်ပေးရမှု နည်းပါးသော်လည်း တရုတ်နိုင်ငံထုတ်ဆိုင်ကယ်များမှာမူ မကြာခဏ ပြုပြင်နေရကြောင်း၊ ယင်းမှာ အရည်အသွေးမကြည့်ဘဲ စျေးနှုန်းကိုသာ ကြည့်သည့် Customer များကို ရည်ရွယ်၍ ထုတ်လုပ်လာသော ပြည်တွင်းကုမ္ပဏီအချို့၏ ဆိုင်ကယ်အရည်အသွေး မမီခြင်းကြောင့် ဖြစ်ကြောင်း မန္တလေးမြို့ခံ ဆိုင်ကယ်ဝပ်ရှော့ဆရာများက သုံးသပ်ပြောဆိုသည်။

 

”ထိုင်း ဆိုင်ကယ်တွေလည်း ဆီမသန့်လို့ ပလပ်မကြာခဏလဲရ တာတွေရှိတာပဲ၊ ဒါပေမဲ့ ပလပ်တင် မဟုတ်ဘဲ Air Cleaner တွေပါ ဆေးကြောသင့်ပါတယ်၊ ဒါကတော့ EFI ဘီးတွေအတွက် အစိတ်အပိုင်းတစ်ခု အနေနဲ့ ပြောတာပေါ့၊ Manual ဘီးတွေဆိုလည်း ကာပရိုက်တာတွေ၊ ဘက်ထရီတွေ လစဉ် စစ်ဆေးသင့်ပါတယ်၊ အင်ဂျင်ဝိုင်ရော၊ တခြားအစိတ်အပိုင်းတွေရော စီးထားတဲ့ကီလိုမီတာနှုန်းအလိုက် ပုံမှန်စစ်ဆေးမှ ဆိုင်ကယ်တစ်စီးဟာ ကြာရှည်ခံနိုင်မယ်”ဟု မန္တလေးမြို့ ရွှေနဒီ Service Center မှ ဝါရင့်ဝပ်ရှော့ဆရာ ကိုဇော်ဝင်းက သုံးသပ်ပြောဆိုသည်။

ဆိုင်ကယ်တစ်စီး၏ အင်ဂျင်ပိုင်းဆိုင်ရာများ ပျက်စီးမှုကို နောက်ကျမှသိရှိ၍ ပြင်ဆင်ခြင်းသည် ဆိုင်ကယ်သက်တမ်း ခံနိုင်ရည်ကို လျော့ကျစေပြီး ကုန်ကျစရိတ်ပါ ပိုမိုကုန်ကျနိုင်ခြင်းကြောင့် မိမိဝင်ငွေပါ ထိခိုက်စေနိုင်ကြောင်း မန္တလေးမြို့ခံ ဆိုင်ကယ်ဝပ်ရှော့ဆရာများက ဆိုသည်။

”ဆိုင်ကယ်အင်ဂျင်ရဲ့ အသက်က အင်ဂျင်ဝိုင်ပဲ၊ အင်ဂျင်ဝိုင်ဆိုပေမဲ့ ကိုယ်ထည့်မယ့် အင်ဂျင်ဝိုင်ကလည်း အရည်အသွေးကောင်း ဖို့လိုတယ်၊ ဆိုင်ကယ်တစ်စီး Highway သွားရင် အင်ဂျင်ပိုင်းရော၊ စက်ပိုင်းဆိုင်ရာရော ကြိုတင်စစ်ဆေးသွားမှ ခရီးကြန့်ကြာမှုတွေ မဖြစ်ပေါ်စေမှာပါ”ဟု မန္တလေးမြို့ခံဝါရင့်ဆိုင်ကယ်ဝပ်ရှော့ဆရာ တစ်ဦးဖြစ်သူ ဦးစိုးသိန်းက ထပ်မံပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

 

LEAVE A REPLY

Please enter your comment!
Please enter your name here