မင်းတပ်မြို့နယ်ရှိ ယှက်-ယာယော-လာလောင်းထွီး-ချာခင်-လုပ်ရှဲ-ခွဲလုံ-၀မ္မသူးလမ်းကို လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လမ်းအကျယ် ၂၁ ​ပေရရှိအောင် ဆောင်ရွက်ပေးမည်ဟုဆို

185

မင်းတပ်၊ ဇွန် ၅

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ယှက်-ယာယော-လာလောင်းထွီး-ချာခင်-လုပ်ရှဲ-ခွဲလုံ-၀မ္မသူးလမ်းသည် လမ်းကျဉ်းနေမှုကြောင့် ကားနှင့်ဆိုင်ကယ်များ ယာဉ်မတော်တဆဖြစ်ပွားမှု ရံဖန်ရံခါဖြစ်ပေါ်နေသောကြောင့် လက်ရှိလမ်းအကျယ် ၁၄ ပေအား ၂၁ ပေရရှိစေရန် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၌ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး၀န်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

“မင်းတပ်မြို့နယ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုရှိဖို့ကလည်း အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်၊ ဒါကြောင့် ယှက်-ယာယော- လာလောင်းထွီး-ချာခင်-လုပ်ရှဲ-ခွဲလုံ-၀မ္မသူးလမ်းကို လမ်းတာချဲ့ပေးဖို့ လွှတ်တော်မှာ မေးမြန်းခဲ့တဲ့အချိန်မှာ ဆောက်လုပ်ရေး၀န်ကြီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ ၂၁ ပေအကျယ် လမ်းတာချဲ့ခြင်းကို ဆောင်ရွက်ပေးမယ်လို့ ဖြေကြားထားပါတယ်” ဟု မင်းတပ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က ပြောကြားသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ယှက်-ယာယော-လာလောင်းထွီး-ချာခင်-လုပ်ရှဲ-ခွဲလုံ-၀မ္မသူးလမ်းမှ ယှက်-လာလောင်းထွီး-အင်ဂေါသာလမ်းသည် လမ်းအရှည် ၁၂ မိုင် ငါးဖာလုံရှိပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်းဖြစ်ကာ အဆိုပါလမ်း၏ လမ်းအကျယ်မှာ ၁၄ ပေ မြေသားလမ်းဖြစ်ကြောင်း၊ အဆိုပါလမ်းကို ကျေးရွာ ၁၃ ရွာ အိမ်ခြေ ၃၃၅ အိမ်၊ လူဦးရေ ၁,၉၁၇ ဦးကို အကျိုးပြုသောလမ်းဖြစ်ပြီး ယခုအခါ လမ်းတာချဲ့ရန် လိုအပ်လျက်ရှိသည့်အတွက် လမ်းအကျယ် ၂၁ ပေရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။

“အရင်အစိုးရလက်ထက်မှာ အဲဒီလမ်းက ကားတစ်စီးသွားလာရုံ ဖောက်လုပ်ထားတဲ့လမ်း၊ အခု မင်းတပ်မြိ့နယ်က ကျေးရွာတွေမှာ အိမ်တိုင်းနီးပါး ဆိုင်ကယ်တွေနဲ့ သွားလာနေကြတော့ ရံဖန်ရံခါမှာ လမ်းကျဉ်းတဲ့အတွက် ကားနဲ့ဆိုင်ကယ်တွေ မတော်တဆတိုက်မိလို့ ထိခိုက်မှုတွေရှိတယ်၊ ဒါကြောင့် အဲဒီလမ်းကိုသာ ချဲ့လိုက်မယ်ဆိုရင် မင်းတပ်မြို့နယ်က ကျေးရွာတွေမှာ ၀ဥတွေလည်းထွက်တော့ ၀ဥတင်တဲ့ကုန်တင်ကားတွေပါ ၀င်ထွက်ဖို့ခက်ခဲနေတာ အဆင်ပြေသွားမယ်၊ ပြည်သူတွေသွားလာရေး အဆင်ပြေမယ့်အပြင် ဒေသထွက်ကုန်တွေလည်း လွယ်လွယ်ကူကူ တင်ပို့နိုင်မှာဖြစ်ပါတယ်” ဟု မင်းတပ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က ထပ်မံဆိုသည်။

အဆိုပါလမ်းသည် လမ်းအဆင့်သတ်မှတ်ချက် Class (B)၊ ဦးစားပေးအဆင့် (၂)လမ်း စာရင်းတွင်ပါ၀င်သည့်အတွက် ယှက်ကျေးရွာမှ ယှက်-ခွဲလုံ-ရှစ်မွှေး-၀မ္မသူးလမ်းအထိ လမ်းအရှည် ​လေးမိုင်ကို လမ်းအကျယ် ၂၁ ပေရရှိအောင် ဆောင်ရွက်ပေးသွားမည်ဟု ပြည်သူ့လွှတ်တော်တွင် တင်ပြတောင်းဆိုထားရာမှ ဆောက်လုပ်ရေး၀န်ကြီးဌာနက ဖြေကြားထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်ထံမှ သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here