မင်းကင်းမြို့အနီး ချင်းတွင်းမြစ်အတွင်း အရေးပေါ်သောင်တူးစက်အသုံးပြု၍ သောင်တူးဖော်ရန် လတ်တလော အစီအစဉ်မရှိသေး

151

 

မင်းကင်း၊ ဇွန် ၁၃

မင်းကင်းမြို့အနီး ချင်းတွင်းမြစ်အတွင်း အရေးပေါ်သောင်တူးစက်အသုံးပြု၍ သောင်တူးဖော်ရန် လတ်တလော အစီအစဉ်မရှိသေးဘဲ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မင်းကင်းရေလမ်းကြောင်းကို အရေးပေါ်သောင်တူးခြင်းဆောင်ရွက်ပေးရန် လိုအပ်လာပါက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)နှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးသန်းညွှန့်၀င်းက ပြောကြားသည်။

ပြီးခဲ့သည့် ဇွန် ၈ ရက်က ကျင်းပခဲ့သော ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ၂၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း၏ ‘ မင်းကင်းမြို့၊ မြို့ဆိပ်ကမ်းသို့ ရေယာဉ်များ ဆိုက်ကပ်နိုင်ရေးအတွက် ချင်းတွင်းမြစ်ကြမ်းပြင်အား သောင်တူးစက်အသုံးပြု၍ မြစ်ကြောင်းပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း ‘ မေးခွန်းနှင့်စပ်လျဉ်း၍ ၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ချင်းတွင်းမြစ်သည် ၂၀၁၉ ခုနှစ် မိုးရာသီကာလတွင် မိုးရွာသွန်းမှုနည်းပါးပြီး ချင်းတွင်းမြစ်ရေမျက်နှာပြင်မှာ နွေရာသီရေနည်းချိန်၌ ယခင်နှစ်ကထက် သုံးပေခန့် ပိုမိုနိမ့်ကျလာခြင်းကြောင့် မင်းကင်းမြို့တစ်ခုတည်းသာမက ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ မြို့ဆိပ်ကမ်းများအားလုံး ရေမျက်နှာပြင်နိမ့်ကျခြင်း သက်ရောက်မှုဒဏ်ကို ခံစားခဲ့ရကြောင်း၊ ထို့ကြောင့် မင်းကင်းမြို့ ရေလမ်းကြောင်း ကောင်းမွန်ရေးအတွက် ရေလမ်းကြောင်းကောင်းမွန်ရေးလုပ်ငန်း အစီအမံများဖြစ်သော သဲစုပ်သောင်တူးခြင်း၊ သောင်တူးစက်ဖြင့် သောင်တူးဖော်ခြင်း၊ မျောရေကာ၊ ထန်းလုံးရေလွှဲရေကာများ တည်ဆောက်ခြင်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ နှစ်အလိုက် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း ၅၉၉ ဒသမ ၉၇၀ သုံးစွဲ၍ ဆောင်ရွက်ပေးခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“အဲဒီလိုဆောင်ရွက်ပေးခဲ့တာကြောင့် ရေလမ်းကြောင်းမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်ကစလို့ နွေရာသီရေနည်းချိန်မှာ မင်းကင်းမြို့ဆိပ်ကမ်း ရေလမ်းကြောင်းတစ်လျှောက် ရေယာဉ်ကြီး/ငယ်​တွေ ၀င်ထွက်သွားလာနိုင်ခဲ့ပါတယ်၊ ၂၀၁၉-၂၀၂၀ ခုနှစ်မှာ ရေလမ်းကောင်းမွန်ရေး အစီအမံ​တွေ ဆက်လက်လျာထားခြင်းမပြုတော့ဘဲ ရေလမ်းတည်ငြိမ်မှုအခြေအနေကို လေ့လာစောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ချင်းတွင်းမြစ်သည် တစ်နှစ်ထက်တစ်နှစ် ကောလာသည့်အတွက် မြစ်ကြမ်းပြင်မြင့်တက်လာမှုများပြားလာသည့်အပြင် ချင်းတွင်းမြစ်ကြောင်းသွား ရေယာဉ်များအားလုံး ရေကြောင်းကို ခက်ခဲစွာရှာဖွေသွားလာနေရကာ ချင်းတွင်းမြစ်အား အသုံးချမှုအကြိမ်ရေနှင့် ပမာဏ များပြားပြင်းထန်ပြီး ကုသမှုမရှိ လျစ်လျူရှုမှုများနှင့်သာကြုံတွေ့နေရကြောင်း မေးခွန်းမေးမြန်းခဲ့သည့် မင်းကင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက သုံးသပ်သည်။

“ချင်းတွင်းမြစ်ကြီးဟာ နာကျင်ကိုက်ခဲတဲ့ဝေဒနာ ကြီးမားနေပြီဖြစ်ပါတယ်၊ မြို့ဆိပ်ကမ်းမှာ ရေယာဉ်​တွေ ဆိုက်ကပ်မှုမပြုနိုင်တဲ့အတွက် မင်းကင်းမြို့က​နေ နှစ်မိုင်​လောက်ဝေးကွာတဲ့ တောင်ယာတောဆိပ်ကမ်းမှာ လူတင်-ကုန်တင်မော်တော်ယာဉ်​တွေ ဆိုက်ကပ်ရပါတယ်၊ တောင်ယာတောကတစ်ဆင့် လူ​တွေ၊ ကုန်စည်​တွေကို မင်းကင်းမြို့ဆီ သယ်ယူကြရတဲ့အတွက် မလိုလားအပ်တဲ့ ၀န်ဆောင်စရိတ်ပိုပြီး ကြီးမားတဲ့ဒဏ်ကို ခံစားနေရပါတယ်၊ ဒါကြောင့် သောင်တူးစက်အသုံးပြုပြီး မြစ်ကြောင်းပြုပြင်ရေးဆောင်ရွက်ပေးဖို့ အနီးကပ်ဆုံးဘဏ္ဍာနှစ်မှာ ချထားပေးနိုင်ရေး မင်းကင်းမြို့နယ် ပြည်သူလူထုကိုယ်စား မေးခွန်းမေးမြန်းခဲ့တာပါ” ဟု ၎င်းက ပြောသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here