မက်(ဂ်)အလွိုင်းနှင့် အလွိုင်းခွေ ခြားနားချက်

1224

 

ခေတ်မီသောဘီးများ တည်ဆောက်ရာတွင် အလူမီနီယမ်သတ္တုစပ်(အလူမီနီယမ်အလွိုင်း Aluminium Alloy) ဒြပ်သားကို အတွေးအခေါ်အမျိုးမျိုးယူဆ၍ လူအများအသုံးပြုကြသည်။ မက်ဂ်ဆိုသည်မှာ အလူမီနီယမ်နှင့် မဂ္ဂနီဆီယမ်သတ္တုစပ် ဖြစ်သည်။ အခြားသော သတ္တု များထက် ပိုမိုပေါ့ပါးသည်။ အားနည်းချက်မှာ မဂ္ဂနီဆီယမ်သည် လေတွင်မီးလောင်ပြီး ဤအရည်အချင်းကြောင့် ဓာတ်ပုံဆိုင်ရာကိစ္စ၊ အလင်းရုတ်တရက် လိုသည့်ကိစ္စများတွင် မဂ္ဂနီဆီယမ်အမှုန့်ကို ဖလက်ရှ်မီးအတွက် အသုံးချခြင်းဖြစ်သည်။ ကြားသိဖူးသမျှတွင် အင်ဂျင်ငယ်(DKW-Das Kleine Wunder ဆိုသည့် ဂျာမန်စကားလုံးမှာ သေးငယ်သော်လည်း အံ့ချီးဖွယ်ရာ – အင်ဂျင်အငယ်လေးကို ဆိုလိုခြင်းဖြစ်သည်)လေးများ၏ အင်ဂျင်ဘလောက်များကို မဂ္ဂနီဆီယမ် သတ္တုစပ်ဖြင့် တည်ဆောက်ကြသည်။
သတ္တုစပ်မှာ လွန်စွာပေါ့ပါးပြီး အပူလွန်ကဲလာလျှင် အံ့မခန်းဖွယ်ရာ၊ ကြောက်ခမန်းလိလိ၊ ရင်သပ်ရှုမောဖွယ်ရာ အရောင်များစွာဖြင့် မီးလောင်ကျွမ်းသည်။ ထိုသို့ ဂုဏ်သတ္တိရှိနေခြင်းကြောင့် အလူမီနီယမ်-မဂ္ဂနီဆီယမ်သတ္တုစပ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုခြင်း ဖြစ်တန်ရာသည်။

ကြားဖြတ်၍ အနည်းငယ်တင်ပြလိုပါသည်။ မှားယွင်းနေသော ဝေါဟာရများသုံးစွဲနေမှုနှင့် အသီးသီး အဓိပ္ပာယ်ဖွင့်ဆိုမှုပင်ဖြစ်ပါသည်။ အလွိုင်း၊ သို့မဟုတ် သတ္တုစပ်ဆိုသည်မှာ သတ္တုများပေါင်းစပ်နေသည့် ဒြပ်အစိုင်အခဲ၊ သို့မဟုတ် သတ္တုတစ်မျိုးကို အခြားအမျိုးမတူ သတ္တုပေါင်းစပ်နေသည့်ဒြပ်ပင် ဖြစ်သည်။ သတ္တုစပ်ဖြစ်ပြီဆိုသည်နှင့် ဓာတုဗေဒနည်းအားဖြင့် ပေါင်းစပ်ခြင်း(Metallic Bonding) လက္ခဏာများဖြင့် ညီညွတ်ရန်တော့ လိုအပ်သည်။

သတ္တုစပ်အစိုင်အခဲဖြစ်လျှင် ဒြပ်စင်များပေါင်းစပ်မှု (Solid Solution of Metal Elements)လို အဆင့်ဆင့်ပြောင်းလဲမှုဖြစ်စဉ်တစ်ခုကို A Single Phase ဟု ခေါ် ဆိုသည်။ သို့တည်းမဟုတ် ထိုသို့သတ္တုအစဉ်တန်းများ ပေါင်းစပ်မှုဒြပ်ရော (Mixture of Metallic Phases)သည်လည်း သတ္တုစပ်ပင် ဖြစ်သည်။ ဒန်(Aluminium) ကိုတော့ ပါဝင်ဖော်ပြခြင်းမရှိ၊ ဆိုလိုချက်မှာ သတ္တုစပ် ဆိုလေတိုင်း ဒန်သတ္တု ပါဝင်နေရမည်မဟုတ်သည်ကို ဆိုလိုရင်းဖြစ်သည်။ အလူမီနီယမ်ခွေဟု ဆိုလေတိုင်း သတ္တုစပ်ဟုဆိုလျှင် မှားသည်။ တကယ့်အချက်အလက်များကို မှားယွင်းစွာ ခေါ်ဝေါ်သယ်ဆောင်လာသောလူများ၏ အမှားတစ်ခုသာ ဖြစ်သည်။

မက်ဂ်(Mag) ဆိုသည်မှာလည်း မဂ္ဂနီဆီယမ်ကို အတိုကောက် ခေါ်ဆိုခြင်းဖြစ် သည်။ ယခင်က ဘီးခွေများ ပြုလုပ်ရာတွင် အသုံးပြုခဲ့ကြသည်။ မည်သို့ဆိုစေကာမူ မဂ္ဂနီဆီယမ်သည် ပြင်းထန်စွာ မီးလောင်တတ်လေရာ အတွေ့ အကြုံရင့်ကျက်သူများအနေဖြင့် လမ်းပေါ်တွင် သွားလာနေသည့် ယာဉ်များပေါ်တွင် အသုံးပြုခြင်းကို မတွေ့ရှိရတော့ပေ။

၁၉၆ဝ ပြည့် နှစ် ဝန်းကျင်တွင် အလူမီနီယမ်ဘီးများကို မဂ္ဂနီဆီယမ်ခွေများအထင်ဖြင့် ကိုးကားမှုများ ခံခဲ့ရ သည်။ ၁၉၆ဝ ပြည့်နှစ် နောက်ပိုင်းအတွင်း အလူမီနီယမ်ခွေများကိုပင် သတ္တုစပ်ဘီးဟု မှားယွင်းစွာ ကိုးကားသုံးစွဲနေကြပြန်သေးသည်။ သတ္တုစပ်(Alloy) ဆိုသည့် အဓိပ္ပာယ်စစ်စစ် ကို နားလည်ကြရအောင် ဆောင်ကြဉ်း ဖော်ဆောင်နိုင်ခဲ့ကြခြင်း မရှိသည့်အတွက်ပင် ရောရောနှောနှော ခေါ်ဝေါ်သုံးစွဲနေခဲ့ကြခြင်းဖြစ်သည်။ စတီးခွေ၊ သတ္တုခွေ၊ အလွိုင်းခွေ၊ မက်ဂ်ခွေ စသည်များကို ကွဲကွဲပြားပြားသိရှိရန် လိုအပ်ပါသည်။

သဘောပေါက် သိရှိထားရန်မှာ အလူမီနီယမ် သတ္တုရော(စပ်)ကို မဂ္ဂနီဆီယမ်ပေါင်းစပ်ခြင်း အပါအဝင် အခြားဒြပ်စင်များ ပေါင်းစပ်ခြင်းအားဖြင့် အလူမီနီယမ်စစ်စစ်၏ ပင်ကိုသတ္တိဖြစ်သော ပျော့ပျောင်းခြင်းကို မာကျောစေသည်။ အလုပ်လုပ် လှုပ်ရှားရာတွင် မာကျောခိုင်ခံ့မှု(Work Harden) ရှိစေနိုင်ရန်လည်းကောင်း၊ ကွဲအက်လွယ်ခြင်းကို ကာကွယ်လျော့နည်းသွားရန်လည်းကောင်း၊ အောက်ဆီဂျင်ပူးပေါင်းပြီး အောက်ဆိုက်ဖြစ်ပေါ်ခြင်းမှ လျော့နည်း နှေးကွေးကျဆင်းသွားစေရန် လည်းကောင်း မဂ္ဂနီဆီယမ်ကို ပေါင်းစပ်ရောနှောပေးရခြင်း ဖြစ်သည်။ ပတ်ဝန်းကျင် အော်တိုမိုဘိုင်းလောကတွင် သတ္တုစပ်(Alloy)ဘီး(ခွေ)များစွာ တွေ့ရှိရမည် ဖြစ်သော်လည်း မဂ္ဂနီဆီယမ်စစ်စစ်ဖြင့် ပြုလုပ်ထားသည့် ခွေတစ်ခွေတွေ့ရှိနိုင်ရန် မလွယ်ကူတော့သည့်အကြောင်းသည် မဂ္ဂနီဆီယမ်၏မီးလောင်ရာတွင် ပြင်းထန်လွန်း မှုကြောင့်ပင်ဖြစ်သည်။ မဂ္ဂနီဆီယမ်၏ ထူးခြားသောဂုဏ်သတ္တိများသည် ကားထုတ်လုပ်သူများအတွက် နှစ်လိုအားရဖွယ်ရှိသော်လည်း မြင့်သောအပူချိန်များတွင် အန္တရာယ်များလွန်းသောကြောင့် ဖြစ်သည်။

မေးစရာမေးခွန်းများ အမျိုးမျိုးအဖုံဖုံ ထွက်ရှိလာသည်များမှ မဂ္ဂနီဆီယမ် ခွေတစ်ခွေဖြစ်ရန် မဂ္ဂနီဆီယမ် ဂဟေချောင်း(Magnesium Electrodes)များ အသုံးပြုသော တစ်ဂ်(Tigwelding)အမျိုးအစားကို အသုံးပြုတည်ဆောက်ကြရာတွင် ပြင်းထန်သော အပူများဖြင့် ဂဟေဆက်ကြသော်လည်း တောက်ပပြင်းထန်စွာ မီးလောင်တတ်သော နာမည်ဆိုးကြီးရှိသည့် မဂ္ဂနီဆီယမ်သည် ဂဟေဆက်တွဲ တည်ဆောက်နေစဉ် အဘယ်ကြောင့် မီးလောင် ပျက်စီးမသွားသနည်း ဆိုသည်ပင်ဖြစ်သည်။

ဘီးခွေများနှင့် ပတ်သက်လျှင် နာမည်ကြီးသဘာရင့် M Whinery ၏ ဖြေဆိုမှုကိုပင် ကိုးကားရပေတော့မည်။ အလူမီနီယမ် သတ္တုစပ်ခွေများကို သွန်းလောင်းနေစဉ်တစ်လျှောက်အတွင်း ယိုစိမ့်မှုဖြစ်ပေါ်နိုင်သည့် နည်းတူ အထူးသဖြင့် သွန်းလောင်းခြင်း၏အဖိနှိပ်အခံရဆုံး၊ ဖိအားအများဆုံး ကျရောက်သည့် စပုတ် (Spoke ဒလက်)မှ ခွေအဝန်းပိုင်း ဗိုက်သား(Barrel)သို့ ဆက်စပ်သည့်နေရာများ၌ ဖြစ်သည်။ ကရုန်းသတ္ထုစပ် (Chrome)တို့ အမြဲစိမ့်ထွက်ယိုစီးမှုသည် တာယာနှင့် ဖိကပ်သော အဝိုက်တစ်လျှောက်တွင်မှ ဖြစ်တတ်ခြင်းသည် အလွိုင်းခွေမှ ကရုန်းကွာကျမှုများကြောင့်ဖြစ်သည် စင်စစ် အောက်ဆီဂျင်နှင့် တွေ့ထိပြီး ဆားပေါက်ပျက်စီးမှုကြောင့်ပင် ဖြစ်သည်။
ကားနှင့်နီးစပ်သောသူအချို့မှ ဤသိုလည်း ဆိုကြသေးသည်။ မက်ဂ်ဝှီး(ခွေ)သည် ‘သံမဟုတ်သော သတ္တုစပ်၊ စတီး(Steel)’ ဖြစ်သည်။ သံ မပါဝင်သော သတ္တုစပ်ဟုလည်း ဆိုသူတို့က ဆိုကြပြန်သည်။ ယင်းနှစ်မျိုးစလုံးသည် သဘောသဘာဝ အလုပ်လုပ်ကြပုံများသည် တစ်ထပ်တည်းတူသော အဓိပ္ပာယ်ရသည်။ မဂ္ဂနီဆီယမ်ဘီး(ခွေ)ကို ဈေးကြီးသည်ကလည်း တစ်ကြောင်း ယင်းအစား အခြားသတ္တုများကို ဖလှယ်သုံးစွဲနိုင်သည်ကတစ်ကြောင်းတို့ကြောင့် ယင်းကို ခွေပြုလုပ်ရာတွင် ပစ်ပယ်စွန့်လွှတ်လိုက်ကြခြင်း ဖြစ်သည်။ မဂ္ဂနီဆီယမ်ခွေများမှ လေစိမ့်မှုများ ဖြစ်လေ့ဖြစ်ထလည်းရှိသည်။ ခွေပတ်ချာလည်နေရာများ သေချာကျနစွာ မဖိမကပ်မိသည့် နေရာမဟုတ်၊ ခွေသားကို ဖြတ်သန်းကာ စိမ့်ထွက်၊ ဖောက်ထွက်သွားမှုဖြစ်သည်။

မက်ဂ်ဘီးများမှာ ယေဘုယျအားဖြင့် မဂ္ဂနီဆီယမ် ပါဝင်မှုမရှိဟုဆိုလျှင် အံ့သြကြပေလိမ့်မည်။ သံမပါဝင်သော သတ္တုစပ် အလွိုင်းခွေများသာဖြစ်သည်ကို လုံးထွေးရောနှောကာ ခေါ်ဆိုနေကြသည်။ သို့ဆိုလျှင် အခေါ်အဝေါ်နှစ်မျိုးစလုံးသည် မှားသည်ဟုဆိုရပေမည်။ ခေါက်ရိုးကျိုး၊ နှုတ်ကျိုးစွာ ခေါ်ဝေါ်သုံးစွဲနေခြင်းသာ ဖြစ်သည်။

သတ္တုစပ်သည် အလူမီနီယမ်သတ္တုစပ်မှ ဆင်းသက်ခေါ်ဆိုလာခြင်း မဟုတ်သော်လည်း တစ်ခါတစ်ရံ အချို့နေရာများ၌ အမှန်ဖြစ်နေတတ်သကဲ့သို့ မက်ဂ် ဟူသော ဝေါဟာရသည်လည်း ထိုနည်းတူဖြစ်သည်။ ယခုကဲ့သို့သော အခြေအနေများတွင် အတတ်ပညာနည်းပိုင်းအရ မည်သည့်အခေါ်အဝေါ်ကမှ မှန်လိမ့်မည် ဆိုသည်ထက် နေရာအလိုက်တော့ အမည်နာမပေးကာ ခေါ်ဝေါ်ကြမည်ကတော့ အချီအချ ငြင်းခုံမနေကြဘဲ ပြေလည်မှုရရှိနိုင်ရန် လက်ခံပေးလိုက်ရုံသာ ဖြစ်ပါတော့သတည်း။

မောင်သန်း(စွယ်တော်ရိပ်)

LEAVE A REPLY

Please enter your comment!
Please enter your name here