မက္ကဆီကိုရှိ Volkswagen နှင့် Audi စက်ရုံများ ပြန်မဖွင့်ရန် ညွှန်ကြားခံရ

251

 

ဂျာမန်ထိပ်တန်းကားကုမ္ပဏီ Volkswagen နှင့် လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သည့် Audi တို့အနေဖြင့် မြောက်အမေရိကတိုက်၊ မက္ကဆီကိုနိုင်ငံ၊ Puebla ပြည်နယ်ရှိစက်ရုံကို လုပ်ငန်းများပြန်လည်စတင်နိုင်ရေး ကြိုးစားလျက်ရှိသော်လည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ပျံ့နှံ့မှုမှာ စိုးရိမ်ရဆဲအခြေအနေဖြစ်နေခြင်းကြောင့် ဆက်လက်ပိတ်သိမ်းထားရန် ညွှန်ကြားခံခဲ့ရကြောင်း ရိုက်တာသတင်းဌာနက ဇွန် ၁၃ ရက်တွင်ဖော်ပြသည်။

ကိုရိုနာဗိုင်းရပ်စ်သည် ကားကုမ္ပဏီများအား အကြီးအကျယ်ထိခိုက်နစ်နာမှုများဖြစ်စေခဲ့ပြီး စက်ရုံများပိတ်ထားရခြင်းကြောင့် စီးပွားရေး အရ နစ်နာခဲ့သည်။ Volkswagen နှင့် Audi တို့အနေဖြင့် မူလက ဇွန် ၁၅ ရက်တွင် Puebla ပြည်နယ်ရှိ ကားထုတ်လုပ်ရေးစက်ရုံနှင့် Guanajuato ပြည်နယ်ရှိ အင်ဂျင်ထုတ်လုပ်သည့်စက်ရုံတို့ကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ခဲ့သည်။
ဂျာမန်ကားကုမ္ပဏီများအနေဖြင့် မတ်လနှောင်းပိုင်းမှစ၍ မက္ကဆီကိုနိုင်ငံအတွင်းရှိစက်ရုံများကို ပိတ်သိမ်းထားခဲ့ရခြင်းဖြစ်ပြီး မက္ကဆီကိုအစိုးရက မေ ၁၈ ရက်တွင် လုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးအတွက် ညွှန်ကြားချက်ထုတ်ပြန်ရန် စီစဉ်ခဲ့သော်လည်း ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။

Volkswagen နှင့် Audi တို့သည် စက်ရုံများပြန်ဖွင့်ခွင့်ရနိုင်ရေး ဇွန် ၁ ရက်မှစကာ ဝန်ထမ်းများ၏ကျန်းမာရေးအတွက် အာမခံချက်ရှိစေမည့် အစီအမံများပြုလုပ်ထားသော်လည်း Puebla ပြည်နယ် အုပ်ချုပ်ရေးမှူး Miguel Barbosa က ဗိုင်းရပ်စ်ကူးစက်မှုအခြေအနေ စိုးရိမ်နေရဆဲဖြစ်၍ ကား စက်ရုံများ ဆက်လက်ပိတ်သိမ်းထားရန် ညွှန်ကြားခဲ့ခြင်းကြောင့် အခက်တွေ့နေရခြင်းဖြစ်သည်။

၎င်းက Puebla ပြည်နယ်၏စီးပွားရေး ပြန်လည်အားကောင်းလာစေရေးအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ခွင့်ပြုရန် စိတ်အားထက်သန်သော်လည်း အများပြည်သူကျန်းမာရေးနှင့် လုံခြုံစိတ်ချမှုကို ထိခိုက်ခံမည်မဟုတ်ဟု ပြည်နယ်အစိုးရ တွစ်တာအကောင့်တွင် ရေးသားခဲ့သည်။ မက္ကဆီကိုနိုင်ငံသည် ကမ္ဘာ့ဆဋ္ဌမအကြီးဆုံး ကားထုတ်လုပ်သူ၊ စတုတ္ထအကြီးဆုံး ကားတင်ပို့သည့်နိုင်ငံလည်းဖြစ်သည်။ Volkswagen မက္ကဆီကိုဌာနခွဲ၏ ထုတ်ပြန်မှုအရ ၂၀၁၉ ခုနှစ်အတွင်း Puebla စက်ရုံမှ ကားအစီးရေ ၄၄၃,၄၃၅ စီးထုတ်လုပ်ခဲ့ပြီး Guanajuato စက်ရုံမှ အင်ဂျင်အလုံးရေ ၃၃၀,၀၀၀ ထုတ်လုပ်ခဲ့သည်ဟု သိရသည်။ ကားထုတ်လုပ်ရေးနယ်ပယ်တွင် မက္ကဆီကိုနိုင်ငံသား တစ်သန်းနီးပါး ဝင်ရောက်လုပ်ကိုင်လျက် ရှိပြီး နိုင်ငံ GDP ၏ ၃ ဒသမ ၈ ရာခိုင်နှုန်းကို အဆိုပါနယ်ပယ်မှ ရရှိနေခြင်းဖြစ်သည်။

ဇွန် ၁၃ ရက်အထိ မက္ကဆီကိုနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၃၉,၁၃၆ ဦးရှိကာ ၁၆,၄၄၈ ဦးသေဆုံးခဲ့ပြီး ဖြစ်သည်။ Puebla ပြည်နယ်တွင် ရောဂါပိုးကူးစက်ခံရသူ ငါး​ထောင်ခန့်ရှိ​ကြောင်း သိရသည်။

Source: Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here