ဘောင်းဘီတိုနှင့် ခြေညှပ်ဖိနပ်ဝတ်သူများကို မရောင်းရန်ဆုံးဖြတ်မှုကြောင့် အိန္ဒိယနိုင်ငံတွင် ဆိုင်ကယ်ဝယ်သူ ၁၂ ဦးကို  Triumph ဆုံးရှုံးခဲ့

548

ဗြိတိသျှဆိုင်ကယ်ကုမ္ပဏီ Triumph သည် အဝတ်အစားသင့်တင့်လျောက်ပတ်စွာ မဝတ်ထားသူများကို ၎င်းတို့ ထုတ်လုပ်သည့် ဆိုင်ကယ်များ မရောင်းရန် ဆုံးဖြတ်ခဲ့သဖြင့် အိန္ဒိယနိုင်ငံတွင် ဝယ်သူ ၁၂ ဦး ဆုံးရှုံးခဲ့ကြောင်း မေ ၂ဝ ရက်တွင် newsx  သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

Triumph သည် နာမည်ကျော် Harley-Davidson ဆိုင်ကယ်များနှင့်ယှဉ်ပြိုင်နိုင်ရန် Bonneville မှ Rocket IIII အထိ ဆိုင်ကယ်မိုဒယ်များ ထုတ်လုပ်ရောင်းချပေးလျက်ရှိသည်။ သို့ရာတွင် အိန္ဒိယနိုင်ငံရှိ Triumph ဆိုင်ကယ်အရောင်းပြခန်းများသို့ လာရောက်ဝယ်သူများအနေဖြင့် ဘောင်းဘီတို၊ ခြေညှပ်ဖိနပ် စသည်တို့ ဝတ်ဆင်လာပါက ရောင်းချခြင်းမပြုရန် မကြာသေးမီကမှ စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Triumph India  မန်နေးဂျင်း ဒါရိုက်တာ Vimal Sumbly က ငွေကြေးသုံးစွဲနိုင်သော်လည်း သပ်သပ်ရပ်ရပ် ဝတ်စားထားခြင်းမရှိသူများကို မိမိတို့ ဆိုင်ကယ်များ ရောင်းချရန် ငြင်းဆန်ခဲ့သည်ဆိုခြင်းအား အတည်ပြုခဲ့သည်။ Sumbly က ”ကျွန်တော် တို့အရောင်းပြခန်းထဲ လာရောက်ဝယ်သူတွေကို မျက်နှာတစ်ခုတည်း ကြည့်ပြီး ဆုံးဖြတ်လို့မရပါဘူး၊ ဝတ်စားထားတာကိုလည်း ကြည့်ရပါတယ်၊ သပ်သပ်ရပ်ရပ် မဝတ်ထားသူက Triumph ဆိုင်ကယ်ဝယ်ဖို့ ငွေအပုံလိုက် ထုတ်ပြရင်တောင် ရောင်းမှာမဟုတ်ပါဘူး၊ ဝယ်သူအနေ နဲ့ Triumph အမှတ်တံဆိပ်အကြောင်း ကောင်းစွာနားလည် သဘောပေါက်ထားရမှာပါ၊ တချို့က ပိုက်ဆံရှိပေမဲ့ မောက်မာလို့ ရောင်းဖို့ ငြင်းတာလည်း ရှိပါတယ်၊ အခုဆိုရင် ဝယ်သူ ၁၂ ဦးအထိ ဆုံးရှုံးခဲ့ပြီးပါပြီ”ဟု ပြောကြားခဲ့သည်။

Ref  : newsx

LEAVE A REPLY

Please enter your comment!
Please enter your name here