အမေရိကန်ပြည်ထောင်စု၊ လော့စ်ဇင်းဂျလိစ်ပြည်နယ်၊ ဗင်းနစ်မြို့တွင် နေထိုင်သည့် အသက်သုံးဆယ် အရွယ် Ka Shun ‘Sean’ Chan သည် ဝင်ရိုးတစ်ခုတည်း၌ တပ်ထားသော ဘီးဖြင့် အရပ်မျက်နှာ အားလုံးသို့ လည်ပတ်နိုင်သော Gyro-Stabilized နည်းပညာသုံးကာ ထူးထူးခြားခြား ဘီးတစ်ဘီး သာပါသည့် လျှပ်စစ်ဆိုင်ကယ်ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြောင်း Heraldtribune သတင်းဝက်ဘ်ဆိုက်၌ ရေးသားဖော်ပြခဲ့သည်။
ဟောင်ကောင်၌ မွေးဖွားပြီး အသက်သုံးနှစ်အရွယ်တွင် မိဘများ နှင့် အမေရိကန်သို့ပြောင်းရွှေ့အခြေ ချခဲ့သော Sean သည် တက္ကသိုလ် အောင်မြင်ပြီးနောက် မော်တော်ကားနှင့် ဆိုင်ကယ်များကို LED မီးအလှဆင်သည့် ကိုယ်ပိုင်လုပ်ငန်း ထူထောင်ထားသကဲ့သုိ့ အားလပ်ချိန်တွင် ဝါသနာပါသော ဆိုင်ကယ်တည်ဆောက်ခြင်းကို တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့တွင် စက်ရုံတည် ထောင်ထားသည့် ဦးလေး Ron ၏ အကူအညီဖြင့် ကြိုးပမ်းခဲ့ရာ Uno Bolt လျှပ်စစ်ဆိုင်ကယ်ကို အောင်မြင်စွာဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ကြီးမားသည့် ဘီးတစ်ဘီးကိုသာ အသုံးပြု၍ Gyro-Stabilized နည်းပညာဖြင့် မောင်းရသည့် Uno Bolt လျှပ်စစ်ဆိုင်ကယ်မှာ အလေးချိန် ၄၅ ပေါင်သာရှိပြီး တစ်နာရီ ၂၂ မိုင်နှုန်းအထိ ခရီးနှင်နိုင်စွမ်းရှိသည်။ Uno Bolt လျှပ်စစ်ဆိုင်ကယ်ကို ခန္ဓာကိုယ်ဖြင့် ဟန်ချက်ညီအောင် ထိန်းသိမ်းရကာ ရှေ့သို့သွားခြင်း၊ နောက်ဆုတ်ခြင်း၊ ဘယ်/ညာ ချိုးကွေ့ခြင်းများအတွက် တစ်နာရီခန့်သာလေ့ကျင့်ရပြီး နောက်ပိုင်းတွင် လက်ကိုင်ကို လွှတ်၍ စီးနိုင်ကြောင်း Sean က ကိုယ်တိုင်သရုပ်ပြ ရှင်းလင်း ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လက Sean သည် Uno Bolt လျှပ်စစ်ဆိုင်ကယ်ကို နယူးယော့ခ်မြို့တွင် မိတ်ဆက်ပြသခဲ့ရာ Digital Media နှင့် Business Insider သတင်းဌာနများ အပါအဝင် လူအများစိတ်ဝင်စားမှုရခဲ့သဖြင့် ယခုနှစ်ကုန်ပိုင်းတွင် တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၁,၅ဝဝ ဖြင့် ထုတ်လုပ်ရောင်းချရန် စီစဉ်နေပြီဖြစ်သည်။ မိမိတီထွင်ခဲ့သော လျှပ်စစ်ဆိုင်ကယ်မှာ ဘီးတစ်ဘီး (Uno)ဟူသော အဓိပ္ပာယ်ရစာလုံးနှင့် ကမ္ဘာ့အမြန်ဆုံးလူသား Usain Bolt တို့ကို ပေါင်းစပ်နာမည်ပေးထားခြင်းဖြစ်ပြီး အသက် ၁၈ နှစ်မှ ၇ဝ အကြားအထိ စီးနင်းနိုင်မည်ဟု Sean က ဆိုသည်။
Ref: Heraldtribune.com