ဘာစီလိုနာ တိုက်စစ်မှူးဟောင်း အီတူး ယာဉ်တိုက်မှုဖြစ်ခဲ့သော်လည်း အသက်အန္တရာယ် မရှိ

139

 

ဘာစီလိုနာ၊ အင်တာမီလန်တို့နှင့်အတူ အောင်မြင်မှုများစွာ ရယူခဲ့သော ကင်မရွန်းတိုက်စစ်မှူးဟောင်း ဆမ်မြူရယ်အီတူးသည် မင်္ဂလာပွဲတစ်ခုမှ အပြန်လမ်းတွင် ၎င်းမောင်းနှင်လာသော ကားနှင့် ဘတ်စ်ကားတစ်စီးတို့ ပြင်းထန်စွာ တိုက်မိခဲ့ပြီးနောက် ဆေးရုံသို့ တင်ပို့ခဲ့ရသော်လည်း အသက်အန္တရာယ်မရှိကြောင်း ဗြိတိန်သတင်းစာ dailymail က နိုဝင်ဘာ ၉ ရက်တွင် ဖော်ပြသည်။

အာဖရိက အကောင်းဆုံး ကစားသမားဆု လေးကြိမ် ရရှိဖူးသော အသက် ၃၉ နှစ်အရွယ် အီတူးသည် နိုဝင်ဘာ ၈ ရက် ညပိုင်းက မိတ်ဆွေတစ်ဦး၏ မင်္ဂလာဆောင်မှအပြန် ကင်မရွန်းနိုင်ငံ၊ အန်ကွန်ဆမ်ဘာမြို့တွင် ၎င်းမောင်းနှင်လာသော ကားနှင့် ဘတ်စ်ကားတစ်စီး တိုက်မိခဲ့သည်။

ယာဉ်တိုက်မှု ဖြစ်စဉ်အသေးစိတ်ကို မသိရသော်လည်း အီတူး၏ အမည်းရောင် SUV ကားခေါင်းပိုင်းမှာ ကြေမွပျက်စီးသွားခဲ့ပြီး ဘောနတ်မှာလည်း ကတ်ထူစက္ကူတစ်စကဲ့သို့ တွန့်ခေါက်သွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် အီတူးတွင် ဦးခေါင်းဒဏ်ရာ ရရှိသွားခဲ့ပြီး ဆေးရုံသို့ ချက်ချင်းတင်ခဲ့ရသော်လည်း အခြား ပြင်းထန်သည့်ဒဏ်ရာများ မရခဲ့ကြောင်း အခင်းဖြစ်ရာသို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် ကင်မရွန်းဂျာနယ်လစ် မာတင်ကာမက်စ်က ပြောသည်။

ကားပေါ်တွင် လိုက်ပါလာသူ မည်သူတစ်ဦးတစ်ယောက်မျှ သေဆုံးခဲ့ခြင်း မရှိဘဲ အီတူး၏ ခေါင်းဒဏ်ရာမှာလည်း ပြင်းထန်ခြင်းမရှိသောကြောင့် ကာယကံရှင်က ၎င်းအတွက် စိုးရိမ်ပူပန်ခြင်းမရှိရန် မိတ်ဆွေများနှင့် ပရိသတ်များအား အသိပေးကြောင်းလည်း မာတင်ကာမက်စ်က ဆိုသည်။

ရီးရဲလ်မက်ဒရစ် အကယ်ဒမီထွက် အီတူးသည် ရီးရဲလ်မက်ဒရစ်၊ မာယော့ကာ၊ ဘာစီလိုနာ၊ အင်တာမီလန်၊ ချဲလ်ဆီး၊ အဲဗာတန် အပါအဝင် ကလပ်အသင်းပေါင်း များစွာတွင် ကစားခဲ့ပြီး လာလီဂါ သုံးကြိမ်၊ စပိန် ဘုရင့်ဖလား နှစ်ကြိမ်၊ စပိန်စူပါဖလား နှစ်ကြိမ်၊ ချန်ပီယံလိဂ် သုံးကြိမ်၊ ကိုပါ အီတာလီယာဖလား နှစ်ကြိမ်၊ စီးရီးအေ၊ အီတလီစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလား တစ်ကြိမ်စီ ရရှိခဲ့သည်။

ကင်မရွန်းနှင့်အတူ အာဖရိကဖလား နှစ်ကြိမ်၊ အိုလံပစ် ရွှေတံဆိပ် တစ်ကြိမ် ရယူခဲ့သော အီတူးသည် လက်ရွေးစင်အသင်းအတွက် ၁၁၈ ပွဲတွင် ၅၆ ဂိုး သွင်းယူခဲ့သည်။

Ref:dailymail

LEAVE A REPLY

Please enter your comment!
Please enter your name here