ဘယ်လက်တစ်ဖက်မရှိသည့် ဗြိတိန်ဆိုင်ကယ်သမား ၂ဝ၂၃ ခုနှစ်တွင် Isle of Man TT  ပြိုင်ပွဲဝင်ရန် ပစ်မှတ်ထားနေ

1037

ဘယ်လက်တစ်ဖက်ကို တံတောင် ဆစ်အောက်မှ ဖြတ်ထားရသည့် ဗြိတိန် ဆိုင်ကယ်သမား Chris Ganley သည် ပြီးခဲ့သည့် Thundersport GB ဆိုင်ကယ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် အစမ်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နောက်လာမည့် 2023 Isle of Man TT ဆိုင်ကယ်ပြိုင်ပွဲကို အမှန်တကယ် ပါဝင်ယှဉ်ပြိုင်ရန် ပစ်မှတ်ထားနေ ကြောင်း Motofire သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

 

စစ်သားဟောင်း တစ်ဦးဖြစ်ကာ အာဖဂန်နစ္စတန်နိုင်ငံသို့ နှစ် ကြိမ်သွားရောက် တာဝန်ထမ်းခဲ့ဖူးသော Chris Ganley သည် ၂ဝ၁၄ ခုနှစ်၌ ဆိုင်ကယ်မတော်တဆမှု ကြုံတွေ့ခဲ့သည်။ အဆိုပါ ဖြစ်ရပ်တွင် Chris Ganley သည် ဆိုင်ကယ်ကို တစ်နာရီ မိုင်သုံးဆယ် အရှိန်နှုန်းဖြင့်သာ စီးလာသော်လည်း နံရံနှင့် လမ်းမီးတိုင်တို့အား ဆက်တိုက်ဝင်တိုက်ခဲ့သဖြင့် နောက်ကျောရိုး၊ နံရိုးများကျိုးကာ အဆုတ်ပေါက်ပြဲပြီး ဦးနှောက်သွေးယိုမှုကြောင့် ရက်သတ္တပတ်တိတိ သတိလစ်မေ့မျောခဲ့သလို ဘယ်လက်တစ်ဖက်ကိုလည်း တံတောင်ဆစ်အောက်မှ ဖြတ်တောက်ခဲ့ရခြင်း ဖြစ်သည်။

 

Chris Ganley သည် ဒုက္ခိတတစ်ဦး ဖြစ်သွားခဲ့သော်လည်း စိတ်ဓာတ်မကျဘဲ ခြောက်လအကြာတွင်ပင် ဆိုင်ကယ်စီးနင်းမှု ပြန်လည်ပြုလုပ်ခဲ့ပြီး Thundersport GB ဆိုင်ကယ်ပြိုင်ပွဲ၌ ၎င်းအတွက် အထူး ပြုလုပ်ပေးထား သည့် Yamaha R1 ဆိုင်ကယ်ကို စီးနင်း၍ ပထမဆုံးအကြိမ် အစမ်းဝင်ပြိုင်ခဲ့ရာမှ တတိယနေရာဖြင့် ပန်းဝင်ခဲ့သည်။ လက်ရှိအချိန်တွင် မသန်စွမ်းဒဏ်ရာရသူများကို ဆိုင်ကယ်စီးပြီးပြိုင်ပွဲများ ဝင်ပြိုင်နိုင်ရန် ကူညီပေးနေပြီး BBC Three Online ၏ Amazing Humans Series အစီအစဉ်၌ ထည့်သွင်း ဖော်ပြခံခဲ့ရသော Chris Ganley သည် လက်တစ်ဖက်မရှိဘဲ ပထမဆုံးပါဝင်ယှဉ်ပြိုင်သူအဖြစ် မှတ်တမ်းဝင်ရန် ပစ်မှတ်ထားကာ 2023 Isle of Man TT ပြိုင်ပွဲတွင် ပါဝင်နိုင်ရန် ကြိုးစားနေကြောင်း သိရသည်။

Ref: Motofire.com

LEAVE A REPLY

Please enter your comment!
Please enter your name here