ဘယ်မောင်းကားသစ်များကို ရှာဖွေနေခြင်းကြောင့် ကားတင်သွင်းမှုများ ရပ်တန့်နေသည့် ရန်ကုန်ကားစျေးကွက်

1671

၂ဝ၁၈ ခုနှစ်မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များ အရ ၂ဝ၁၄ မိုဒယ်နှင့်အထက် ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့်ရမည်ဖြစ်သလို အကောက်ခွန်ဦးစီးဌာနက CIF တန်ဖိုးများမထုတ်ပြန် တော့ဘဲ Invoice အတိုင်းသာ အခွန်စည်းကြပ်တော့မည်ဖြစ်၍ ပေးဆောင်ရမည့်အခွန်နှုန်းထားများ တွက်ချက်နေခြင်းကြောင့် ကားတင်သွင်းမှုမှာ ရပ်တန့်နေသည်။ သို့ဖြစ်၍လည်း ဇန်နဝါရီလ ဒုတိယပတ်အထိ တစ်ဦးချင်း တင်သွင်းမှုအတွက် ပါမစ်လျှောက်ထားမှုမရှိသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှသိရသည်။ ယခုနှစ် ကားတင်သွင်းခွင့်မူဝါဒဖြင့် ကားသစ်များ ဝင်ရောက်လာခြင်း မရှိသေးသည့်အတွက်လည်း ရောက်ရှိပြီး ဂျပန်ညာမောင်းကားများဖြင့်သာ စျေးကွက်ဆက်လက်လည် ပတ်နေသည်။

 

”မူဝါဒအပြောင်းအလဲတွေကြားမှာ နှစ်အစကားစျေးကွက်က ငြိမ်သက်လို႔နေပါတယ်၊ အဝယ်တွေကလည်း ဒီနှစ်မူဝါဒနဲ့ဘယ်မောင်းကားသစ်တွေ ဝင်လာရင် ဘာပြောင်းလဲသွားမလဲဆိုပြီး စောင့်ကြည့်နေကြပါတယ်၊ ဘယ်မောင်းကားတွေဝင်လာရင်လည်း လက်ရှိရောက်ပြီးသားဂျပန်ညာမောင်းကားတွေထက် စျေးပိုများမယ်ဆိုတာ သေချာပါတယ်၊ အသစ်ဝင်လာမယ့် ဘယ်မောင်းကားတွေက ဂျပန်ညာမောင်းကားလောက် မကောင်းဘူးဆိုတာသိလာရင် ညာမောင်းကားစျေးကွက် ပြန်ပြီးအားကောင်းလာမှာပါ၊ ၁၃ဝဝ စီစီကားတွေကတော့ အရောင်းအဝယ်ပုံမှန်လေးဖြစ်ပြီး ကားအရောင်းစင်တာတွေမှာ Honda Fit Shuttle ၊ Honda Fit GK3 ၊ Toyota Axio ကားလေးတွေ ရောင်းရပါတယ်၊ ၁၅ဝဝ စီစီ ကားတွေထဲမှာ Toyota Allion ၊ Toyota Premio နဲ့ Toyota Fielder ကားတွေက သိန်းလေးရာ ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်တယ်၊ Wagon ကားတွေထဲမှာဆိုရင် Toyota Vanguard နဲ့ Honda CR-V ကားတွေရောင်းရတယ်၊ CIF တန် ဖိုးတွေမထုတ်ပြန်တော့လို့ တင်သွင်းမယ့်ကားတွေကို အခွန်တွေ ချိန်ဆနေ ရပြီး ၁၃၅ဝ စီစီနဲ့အောက် ကားတွေဆိုရင်လည်း အရင်လို CIF တန်ဖိုး ငါးထောင်နဲ့မရတော့တဲ့အတွက် ကားစျေးက ပြန်ကျဖို့မရှိပါဘူး”ဟု ‘ JPM ကားအရောင်းစင်တာ’ ဒါရိုက်တာ ကိုထိန်လင်းအောင်က ဆိုသည်။

 

ကားအရောင်းဝယ်များ အေးနေသည့်အတွက် စလစ်စျေးလည်း ကျပ်သိန်း ၁၂ဝ ဝန်းကျင်တွင် ရပ်တန့်နေသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာ၊ နိုဝင်ဘာလများက အရောင်းအဝယ်ပုံမှန်ရှိသော်လည်း ယခုနှစ်အစတွင်မူ တင်သွင်းရမည့်ပုံစံပြောင်းလဲသွားခြင်းနှင့် ပေးဆောင်ရမည့်အခွန်နှုန်းထားများ ပြောင်းလဲမှုကြောင့် တင်သွင်းပြီးသား ကားဟောင်းများကိုသာ ထိန်းရောင်းနေကြရသည်။

 

”အရောင်းအဝယ်က အကောင်းကြီးမဟုတ်ပေမဲ့ သူ့စျေးကွက်နဲ့သူတော့ ရောင်းနေရပါတယ်၊ ဒီရက်ပိုင်းမှာ နယ်အဝယ်တွေလည်းဆင်းလာကြပါတယ်၊ အရောင်းအဝယ်ဖြစ်လာတယ်ဆိုပေမဲ့ ပြီးခဲ့တဲ့နှစ် နှစ်ကုန် ပိုင်းလတွေလောက်တော့ မကောင်းပါဘူး၊ အရောင်းအဝယ်တွေ အေးနေတဲ့အတွက် စလစ်စျေးလည်း အတက်၊ အကျမရှိဘဲ သိန်း ၁၂ဝ ဝန်းကျင်မှာ ငြိမ်နေပါတယ်”ဟု ကားဝယ်/ရောင်း ကိုသောမတ်ကိုကိုက ဆိုသည်။

 

ပြီးခဲ့သည့်နှစ် မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ်များ မပိတ်မီ ဒီဇင်ဘာ ၂၇ ရက်မတိုင်မီအထိ အမည်ပေါက်စလစ်စျေးသည် ကျပ် ၁၃၈ သိန်းအထိ မြင့်တက်ခဲ့သော်လည်း ဘယ်မောင်းသာတင်သွင်းရမည့် ယခု နှစ်မူဝါဒကြောင့် ကားတင်သွင်းမှုများနည်းသွားပြီး ကျပ်သိန်း ၁၂ဝ အထိ ကျဆင်းသွားကြောင်း သိရသည်။ ယခုနှစ်မူဝါဒအရ ၂ဝ၁၄ မိုဒယ်နှင့်အထက် ဘယ်မောင်းကားများကိုသာ တင်သွင်းရမည်ဖြစ်သောကြောင့် စလစ်လိုအပ်ချက်သည် Consignment ကားများအတွက်သာ အဓိကကျနေပြီး တင်သွင်းခွင့်ပါမစ် လျှောက်ထားသည့် အစီးရေနှင့် စျေးကွက်အတွင်းဝင် ရောက်လာမည့် ၁၉၉၈ မိုဒယ်နှင့်အောက်ကားများ အပေါ်တွင် မူတည်နေသည်။ ဇန်နဝါရီလဆန်းပိုင်းတွင် သက်တမ်းနှစ်နှစ်ဆယ်အမည်ပေါက် စလစ်စျေးသည် ကျပ်သိန်း ၁၂ဝ အထိ ကျဆင်းသွားခဲ့သလို အမည် မပေါက်စလစ်သည် ကျပ် ၁၁၃ သိန်းဝန်းကျင်၊ တိုက်ကြေစလစ်သည် ကျပ်သိန်း ၁၁ဝ ဝန်းကျင်နှင့် တက္ကစီစလစ်သည် ကျပ် ၁၁၅ သိန်း ဝန်း ကျင်တို့ ပေါက်စျေးရှိခဲ့ကြောင်း စျေးကွက်အတွင်းမှ သိရသည်။

 

”စလစ်စျေး ဘယ်လောက်အထိကျမလဲဆိုတာက ကားအရောင်းစင်တာတွေက တင်သွင်းခွင့်ပါမစ် လျှောက်ထားတဲ့ ၂ဝ၁၇ Consignment ကားအစီးရေ၊ ဒီနှစ်ထဲမှာ ရန်ကုန်လိုင်စင်ရဖို့အတွက် စလစ်ကပ်ပြီး ဝယ်ယူ ခွင့်လျှောက်မယ့် Brand New ကားအရေအတွက်၊ မူဝါဒအသစ်အရ စလစ်ကပ်ပြီးတင်သွင်းမယ့် ၂ဝ၁၄ မိုဒယ်နဲ့အထက် ဘယ်မောင်းကားတွေ အပေါ် မူတည်ပါတယ်၊ စလစ်လိုအပ်ချက်က ရှိနေဦးမှာဖြစ်ပြီး လိုအပ်တဲ့ အပ်ကားအရေအတွက်ရှိမှသာ ဒီထက် စျေးကျမှာဖြစ်ပါတယ်၊ နောက်ပြီး စလစ်စျေးအပြောင်းအလဲမှာ ရန်ကုန်လိုင်စင်ပြန်ပြီးခွင့်ပြုပေးဖို့ကိစ္စကလည်း အဓိကကျပါတယ်၊ ဒါကြောင့် ဧပြီလမတိုင်ခင်အထိတော့ အမည်ပေါက် စလစ်စျေးက သိန်း ၁၂ဝ အောက်ရောက်သွားမယ်လို့ မထင်ပါဘူး”ဟု ကိုထိန်လင်းအောင် ကဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here