ဘတ်စျေးတက်သော်လည်း ဆိုင်ကယ်ရောင်းစျေးမတက်နိုင်ဘဲ စံချိန်တင်အရောင်းအေးနေသည့် မန္တလေးဆိုင်ကယ်စျေးကွက်

1081

ပြီးခဲ့သည့် ရက်ပိုင်းမှစ၍ ဘတ်စျေးအပြောင်းအလဲကြောင့် ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များအားလုံး မြန်မာငွေ ကျပ်လေးသောင်းနီးပါး စျေးတက်သွားသော်လည်း မန္တလေးမြို့တွင် စျေးကွက်ယှဉ်ပြိုင်ရောင်းချမှုကြောင့် ဆိုင်ကယ်စျေးများ မတက်နိုင်သည့်အပြင် အရောင်းအဝယ်ပါ စံချိန်တင်အေးနေကြောင်း မန္တလေးမြို့ ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ကိုင်နေသူများထံမှ သိရသည်။

”သကြင်္န်နားနီးတော့ ထိုင်းနိုင်ငံဘက်က ကုန်ပစ္စည်းတွေ အဝယ်များလို့ ဘတ်စျေးက မာလာတယ်၊ အဲဒီမှာ ထိုင်းဆိုင်ကယ်တစ်စီးကို တိတိကျကျပြောရရင် ကျပ် ၃၇,ဝဝဝ လောက် စျေးတက်သွားတယ်၊ လေးသောင်းနီးပါးပေါ့၊ ဘတ်စျေးတက်ပေမဲ့ ထိုင်းဆိုင်ကယ်တွေကို စျေးတက်မရောင်းဖြစ်ဘူး၊ ဘာလို့ဆို အဝယ်မှ မလာတဲ့ဟာ၊ အရောင်းအေးနေတာကို စျေးထပ်တက်ရင် ပိုတောင် အဝယ်မလာကြဦးမှာ၊ ဒါကြောင့် အရင်စျေးတွေအတိုင်းပဲ ရောင်းနေတယ်၊ ရောင်းအားကတော့ တစ်ရက်မှ တစ်စီးလောက်ပဲ ရောင်းရတယ်၊ ဒါတောင် တချို့ရက်တွေ စျေးဦးမပေါက်ချင်ဘူး”ဟု မန္တလေးမြို့ Auto Star ဆိုင်ကယ်ရောင်းဝယ်ရေး’ ဖွင့်လှစ်ထားသူ ကိုစိုးမြင့်ထွန်းက ပြောကြားသည်။

ယခင်နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ဖြေဆိုပြီးချိန်တွင် ထိုင်းနိုင်ငံထုတ် Click ၊ Scoopy i ဆိုင်ကယ်များ အနည်းငယ် အဝယ်လိုက်လေ့ရှိသော်လည်း ယခုနှစ်တွင် မတ်လ တတိယပတ်အထိ စံချိန်တင် အရောင်းအေးနေကြောင်း၊ ထို့ပြင် တစ်ဆိုင်နှင့် တစ်ဆိုင် စျေးအပြိုင်အဆိုင် လျှော့ရောင်းလာကြသည့် အပြင် အရစ်ကျရောင်းချမှု များပြားလာခြင်းကြောင့်လည်း လက်ငင်းစနစ်ဖြင့်ရောင်းချသော ဆိုင်ကယ်ဆိုင် များတွင် စျေးကွက်ပျက်နေကြောင်း မန္တလေးမြို့ ဆိုင်ကယ်အရောင်းပြခန်းများမှ စုံစမ်းသိရသည်။

”အရင်နှစ်က သကြင်္န်နားနီးရင် ဆိုင်ကယ်တွေ အထိုက်အလျောက်ရောင်းရတယ်၊ ဒီနှစ်စာမေးပွဲတွေ ပြီးသွားပေမဲ့ စျေးဦးမပေါက်တဲ့ရက်တွေတောင် ရှိနေတယ်၊ အဓိက ကတော့ မန္တလေးမှာက ထိုင်းဘီးရောင်းတဲ့ဆိုင် များလာတာနဲ့အမျှ တစ်ဆိုင်နဲ့တစ်ဆိုင် စျေးလျှော့ပြီး အပြိုင်အဆိုင်ရောင်းကြတယ်၊ စျေးအနည်းဆုံး လျှော့ပေးနိုင်တဲ့ဆိုင် ရောင်းရတာပဲ၊ ကျွန်တော်တို့ ဆိုင်ဆိုရင် အရစ်ကျလည်း မရောင်းတော့ အဝယ်က တော်တော်အေးနေတယ်၊ တစ်ရက်မှ Click ၊ Scoopy i နှစ်စီးလောက်ပဲ ရောင်းရတယ်၊ ရှေ့ဆက်ဆိုရင် စျေးကွက်ပျက်မယ့်အနေအထားဖြစ်နေတယ်”ဟု မန္တလေးမြို့ခံ ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မန္တလေးမြို့ Showroom ဆိုင်ကယ်စျေးကွက်တွင် ထိုင်းဆိုင်ကယ်များ အရောင်းအေးစက်နေသော်လည်း တရုတ်နိုင်ငံထုတ် Star Sky ၊ Keeto ၊ Yamasuki တံဆိပ်များ၏ CZ ၊ P-4 ၊ MSX ၊ CBR 150 ဆိုင်ကယ် များမှာ ပုံမှန်နှုန်းထားဖြင့် အရောင်းအဝယ်ဖြစ်နေပြီး စျေးနှုန်း အတက်၊ အကျမရှိကြောင်း အဆိုပါဆိုင်များ မှ သိရသည်။

”သကြင်္န်နားနီးတော့ ဆိုင် Promotion လုပ်နေတာရောနဲ့ တရုတ် CZ ၊ MSX ဘီးနဲ့ CBR 150 တို့ တစ်ရက် လေးစီးနှုန်းလောက် ပုံမှန်ရောင်းရတယ်၊ အများအားဖြင့် ရောင်းအားရဲ့ သုံးပုံနှစ်ပုံက အရစ်ကျနဲ့ လာဝယ်တာများတယ်၊ ကျန်တဲ့တစ်ပုံလောက်ပဲ လက်ငင်းဝယ်ကြတာ၊ သကြင်္န်နားနီးတော့ ဘီးကြီးတွေ၊ ကလပ်ဘီးတွေ အဝယ်လိုက်လာတယ်”ဟု မန္တလေးမြို့ Star Sky ဆိုင်ကယ်အရောင်းပြခန်း’ တာဝန်ခံ မစိုးစိုးက ဆိုသည်။

မန္တလေးမြို့ Showroom ဆိုင်ကယ်စျေးကွက် တွင် မတ်လ တတိယပတ်၌ ၂ဝ၁၇ မိုဒယ် ထိုင်း Click ဒလက် ကျပ် ၂၄ သိန်း၊ Click စပုတ် ကျပ် ၂၃ သိန်း၊ Scoopy i ဒလက် ကျပ် ၂၄ သိန်း၊ Scoopy i စပုတ် ကျပ် ၂၃ သိန်း၊ Wave 100 ကျပ် ၁၁ သိန်းခွဲနှင့် တရုတ်နိုင်ငံထုတ် CZ ၊  P-4(Sawbwar) ကျပ် ၅၈ဝ, ဝဝဝ၊ ငါးရိုး၁၂၅ (Star Sky) ကျပ် ၆၄ဝ,ဝဝဝ၊ 125 R(Star Sky) ကျပ် ၆၃ဝ,ဝဝဝ၊ Smash(Star Sky)ကျပ် ၆၈ဝ,ဝဝဝ၊ MSX(Star Sky) ကျပ် ၉၈ဝ,ဝဝဝ စသည့် ပေါက်စျေးများ ရှိနေသည်။

မန္တလေးမြို့ ဆိုင်ကယ်ဝယ်/ရောင်းစျေးကွက်တွင်လည်း မတ်လ တတိယပတ်၌ ထိုင်းနိုင်ငံထုတ် မိုဒယ် နိမ့် ဆိုင်ကယ်များမှာ စံချိန်တင် အရောင်းအေးနေပြီး တရုတ်နိုင်ငံထုတ် တစ်ပတ်ရစ် ဆိုင်ကယ်များသာ သကြင်္န်ပွဲတော်ကာလ နီးကပ်လာမှုကြောင့် အဝယ်လိုက်နေကြောင်း ၅၉ ဆိုင်ကယ်ဝိုင်းမှ သိရသည်။

”အခု ထိုင်းမိုဒယ်နိမ့် ဆိုင်ကယ်တွေလည်း ဘတ်စျေးတက်လို့ မြဝတီမှာတော့ စျေးတက်ကြတယ်၊ မန္တလေးမှာတော့ ဟိုးအရင်ကတည်းက ဝယ်ထားတဲ့ လက်ဟောင်းဆိုင်ကယ်တွေ ကျန်နေသေးတာရော၊ အရောင်းပါးနေတဲ့အတွက်ရော စျေးတက်မရောင်းသေးဘူး၊ စျေးတက်လည်း အရောင်းပါးနေတော့ ဘာထူးမှာလဲ၊ ဒီရက်ပိုင်းဆို စျေးဦးမပေါက်တဲ့ရက်ကများနေတယ်၊ ထိုင်းမိုဒယ်နိမ့်ဘီး အရောင်းအဝယ်က တော်တော်ကြီးကို ဆိုးနေတယ်”ဟု မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်းမှ ကိုထွန်းထွန်းဝင်းက ဆိုသည်။

တရုတ် တစ်ပတ်ရစ် ဆိုင်ကယ်များ ရောင်းချလျက်ရှိသည့် ၅၉ ဆိုင်ကယ်ဝိုင်းမှ ဝါရင့်ဝယ်/ရောင်း ကိုမင်းမင်းက ”သကြင်္န်ပွဲတော်နီးလာတော့ တရုတ်Tricker နဲ့ MSX ဆိုင်ကယ်လေးတွေ အဝယ်လိုက်လာတယ်၊ တစ်ရက်ကို မရောင်းရဘူးဆိုရင်တောင် လေးစီး၊ ငါးစီးတော့ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်၊ မန္တလေးမှာက နှစ်စဉ် သကြင်္န်နီးရင် သကြင်္န်လည်ဖို့အတွက် ကလပ်ဘီးတွေ ကြိုတင်ဝယ်ကြတယ်၊ သကြင်္န်လည်ပြီးရင် တချို့ကလည်း ပြန်ရောင်းကြတယ်၊ MSX နဲ့ Tricker ထဲမှာတော့ ကျပ်ငါးသိန်းကနေ ခြောက်သိန်းကြားဝန်းကျင်တန်လေးတွေ အရောင်းအဝယ်ဖြစ်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

မန္တလေးမြို့ ဆိုင်ကယ်ဝယ်/ရောင်းစျေးကွက်တွင် မတ်လ တတိယပတ်၌ ထိုင်းနိုင်ငံထုတ် ၂ဝ၁၄ မိုဒယ် Click စပုတ်နှင့် Scoopy i စပုတ် ဆိုင်ကယ်များမှာ ကျပ် ၁,၆၉ဝ,ဝဝဝ ဝန်းကျင်၊ ၂ဝ၁၃ မိုဒယ်  Click စပုတ်နှင့် Scoopy i စပုတ် ဆိုင်ကယ်များမှာ ကျပ် ၁၄ သိန်းခွဲဝန်းကျင် စျေးတူတွင်ရှိပြီး Moove ဒလက် (၂ဝ၁၅) ကျပ် ၁၅ သိန်း ဝန်းကျင်နှင့် တရုတ်နိုင်ငံထုတ် တစ်ပတ်ရစ် ဆိုင်ကယ်များမှာ ဆိုင်ကလုန်း ကျပ်ငါးသိန်းမှ ရှစ်သိန်းကြား၊ Super Cub Jialing ကျပ်နှစ်သိန်းခွဲမှ သုံးသိန်းကြား၊ CZI ကျပ်သုံးသိန်းမှ သုံးသိန်းခွဲကြား၊ MSX ကျပ်ခြောက်သိန်းခွဲဝန်းကျင် စသည့် ပေါက်စျေးများ ရှိနေကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here