မန္တလေး၊ ဇွန် ၁၂
Covid-19 ရောဂါဖြစ်ပွားမှုကြောင့် လုပ်ငန်းအများစုရပ်ဆိုင်းနေချိန်တွင် အရစ်ကျငွေများ လာမသွင်းမှုကြောင့် ဘဏ်နှင့်ချိတ်ဆက်ရောင်းချသော ဆိုင်ကယ်အရစ်ကျစနစ်များ ယာယီရပ်နားထားသော်လည်း လအနည်းငယ်အတွက် ဆိုင်မှ တိုက်ရိုက်အရစ်ကျရောင်းချသည့်စနစ်ကို လတ်တလောကျင့်သုံးနေကြောင်း ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။
“Covid-19 ရောဂါ အထိုက်အလျောက် ထိန်းချုပ်နိုင်ချိန် အခုလုပ်ငန်းတချို့ ပြန်ဖွင့်လုပ်ကိုင်နေပြီဆိုပေမဲ့ ဆိုင်ကယ်အရစ်ကျငွေတွေက ၅၀ ရာခိုင်နှုန်းလောက်ပဲ ကောက်လို့ရသေးတယ်၊ အရစ်ကျရောင်းချတဲ့အထဲမှာ ၅၀ ရာခိုင်နှုန်းလောက်က ငွေလာမသွင်းသေးဘူး၊ ဒါကြောင့် အခု ရသလောက်တော့ အိမ်တိုင်ရာရောက် လိုက်ကောက်နေတယ်၊ Customer တွေ မဆပ်နိုင်တဲ့ဒီကာလမှာတော့ ဆိုင်ကပဲ ဘဏ်မှာ ခဏစိုက်သွင်းထားတယ်၊ အရစ်ကျငွေတွေ စုံအောင်မရသေးတဲ့အတွက် အရစ်ကျရောင်းချတာလည်း ယာယီရပ်နားထားတယ်၊ ဒါက ဘဏ်နဲ့ရော Microfinance ကုမ္ပဏီတွေနဲ့ရော၊ လောလောဆယ်မှာ အရစ်ကျမရောင်းဘူးလားဆိုရင် ရောင်းတော့ရောင်းတယ်၊ လအနည်းငယ်ချန်တာလောက်ပဲ ရောင်းပေးတယ်၊ ဥပမာ ငွေမလောက်လို့ ကျန်တဲ့ငွေကို သုံးလတော့ ထားပေးပါ၊ လေးလတော့ ထားပေးပါ၊ အဲဒီလိုမျိုးဆိုရင် ထားပေးလိုက်တယ်၊ ကျန်တဲ့ငွေကို အရစ်ကျလာဆပ်ပေါ့၊ ဒါကတော့ ဆိုင်ကနေ တိုက်ရိုက်ရောင်းချပေးတာ” ဟု မိတ္ထီလာမြို့ K Hein Co.,Ltd မှ Managing Director ကိုညီညီငွေထွန်းက ပြောကြားသည်။
ယခုအခါ မန္တလေးတိုင်းအတွင်းရှိ ဆိုင်ကယ်အရောင်းပြခန်းအားလုံး ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သော်လည်း ဆိုင်ကယ်များမှာ ယခင်ကဲ့သို့ ရောင်းမကောင်းတော့ဘဲ တစ်ရက်လျှင် အစီးရေအနည်းငယ်သာ ရောင်းရတော့ကြောင်း ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်အချိုု့က ပြောဆိုသည်။
“စဖွင့်ဖွင့်ချင်းတုန်းကတော့ ရောင်းမကောင်းဘူးပေါ့၊ အခု ကျောင်းဖွင့်ရာသီရောက်တော့ တချို့ မဖြစ်မနေလိုအပ်တဲ့သူတွေ လာဝယ်ကြတာနဲ့ စဖွင့်ချိန်ထက်စာရင် အဝယ်တော့ပြန်လိုက်လာတယ်၊ အရစ်ကျက လောလောဆယ်ရပ်နားထားတော့ လက်ငင်းစနစ်နဲ့ပဲ အဝယ်ရှိတယ်” ဟု မန္တလေးမြို့ခံ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
မန္တလေးတိုင်း အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ အရစ်ကျရောင်းချမှုများ ဘဏ်နှင့်ချိတ်ဆက်လုပ်ကိုင်ရာ၌ အခက်အခဲဖြစ်နေသောဒေသများအတွက် အဆင်ပြေပြေရှိစေရေးနှင့် ဖြေလျှော့မှုများလုပ်ဆောင်ပေးရန် မကြာမီ ဖြေရှင်းပေးသွားမည်ဟု မြန်မာနိုင်ငံ မော်တော်ဆိုင်ကယ် တင်သွင်း ဖြန့်ဖြူး ရောင်းချသူများအသင်းကလည်း ပြောဆိုထားသည်။
ကျော်ကျော်အောင်(ကလေးမြို့)