ဘဏ္ဍာရေးပိုင်းဆိုင်ရာ အခက်တွေ့နေသည့် Renault ကို ပြင်သစ်အစိုးရ ငွေထုတ်ချေး

228

 

ပြင်သစ်ထိပ်တန်းကားကုမ္ပဏီတစ်ခုဖြစ်သည့် Renault သည် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ကားရောင်းအားနည်းပါးခဲ့သကဲ့သို့ စက်ရုံအလုပ်ရုံများလည်း ပိတ်သိမ်းခဲ့ရကာ ဘဏ္ဍာရေးပိုင်းဆိုင်ရာ၌ အကျပ်အတည်းတွေ့သည့်အတွက် ပြင်သစ်အစိုးရက ကူညီသည့် အနေဖြင့် ချေးငွေ ငါးဘီလျံထုတ်ချေးရန် ယနေ့ အတည်ပြုခဲ့ကြောင်း ရိုက်တာ သတင်းဌာနမှ ဖော်ပြသည်။

Renault သည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကမ္ဘာတစ်လွှားမှ ၎င်းတို့၏ ဝန်ထမ်း ၁၅,၀၀၀ ကို အလုပ်မှထုတ်ပယ်ခဲ့ရပြီး ယင်းတို့အထဲတွင် ပြင်သစ်ဝန်ထမ်း ၄,၆၀၀ လည်း ပါဝင်ခဲ့ရာ ပြင်သစ်အစိုးရမှ ပြိုင်ဆိုင်မှုများသည့် ကားထုတ်လုပ်မှု နယ်ပယ်တွင် ငွေကြေးပိုင်း အခက်တွေ့နေသည့် Renault ကို သတိပြုမိခဲ့သည့်အတွက် ကုမ္ပဏီဘက်မှ အဆိုပြုထားသည့် ချေးငွေတစ်ရပ်ကို ထုတ်ချေးရန် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြင်သစ်အစိုးရက နိုင်ငံ၏ အမှတ်သင်္ကေတတစ်ခုကဲ့သို့ ဖြစ်သည့် Renault ၏အခက်အခဲကို ကူညီဖြေရှင်းပေးသည့်အနေဖြင့် ချေးငွေ ယူရို ငါးဘီလျံပေးရန် ဇွန် ၃ ရက်(ယနေ့)တွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး Bruno Le Maire က ချေးငွေယူရို ငါးဘီလျံပေးအပ်သွားရန် အစိုးရကိုယ်စား လက်မှတ်ရေးထိုးပေးခဲ့သည်။ ပြင်သစ်အစိုးရ၏ချေးငွေကြောင့် ကုမ္ပဏီကို ၂၀၂၃ ခုနှစ်အထိ လည်ပတ်ခွင့်ရစေနိုင်ပြီး ပြင်သစ်
နိုင်ငံ မြောက်ပိုင်းရှိ Maubeuge စက်ရုံကို ပိတ်သိမ်းမည်မဟုတ်ကြောင်း Renault ဥက္ကဋ္ဌ Jean-Dominique Senard က ရိုက်တာသတင်းဌာနသို့ ဖြေကြားထားသည်။ ပြင်သစ်အစိုးရသည် ၁၈၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် Renault ၏ ရှယ်ယာ ၁၅ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားသည်။

Source: Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here