ဗြိတိသျှ လူ့စွန့်စားတစ်ဦး တစ်နာရီ ၉၄ မိုင်နှုန်းမောင်းနှင်နေသည့် ကားနောက်မှ ကြိုးဖြင့်ဆွဲလျက် ရေခဲပြင်စကိတ်ဖြင့် လိုက်ပါစီးနင်းပြီး အမြန်ဆုံး ဂင်းနက်စ်စံချိန်တင်

655

ဗြိတိသျှလူမျိုး လူ့စွန့်စားတစ်ဦး ဖြစ်သည့် Jamie Barrow သည် ဆွစ်ဇာလန်နိုင်ငံ၊ St.Moritz  ရှိ ရေခဲနေသည့်ကန်ကြီး၏ ရေခဲပြင်ပေါ်တွင် အရှိန်အဟုန်ဖြင့် မောင်းနှင်နေသည့် Maserati Levante SUV ကားတစ်စီးနှင့် ချိတ်ဆက်ထားသော ကြိုးကိုဆွဲလျက် ကား၏အရှိန်အဟုန်အတိုင်း ကားနောက်မှ ရေခဲပြင်စီးစကိတ်ဖြင့် လိုက်ပါစီးနင်းပြီး ကမ္ဘာ့အမြန်ဆုံး စီးနင်းသူအဖြစ် ဂင်းနက်စ်စံချိန်ချိုးခဲ့ကြောင်း ဧပြီ ၂၄ ရက်တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

Barrow သည် တစ်နာရီ ၉၄ မိုင်နှုန်းဖြင့် မောင်းနှင်နေသည့် Maserati Levante နောက်မှ ကြိုးကိုဆွဲလျက် ကား၏ အရှိန်အဟုန်အတိုင်း စကိတ်စီးလိုက်ပါနိုင်ခဲ့သောကြောင့် ထိုကဲ့သို့ စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ စွန့်စားမှုနှင့်ပတ်သက်ပြီး Barrow အား မေးမြန်းရာတွင် ၎င်းအနေဖြင့် ထိုကဲ့သို့ အမြန်နှုန်းမျိုးကို အတွေ့အကြုံရှိနေသောကြောင့် မကြောက်ရွံ့သည့်အပြင် သက်သောင့်သက်သာပင်ရှိကြောင်း၊ ယခုထက် ပိုမြန်အောင် သွားချင်သေးကြောင်းနှင့် နောက်ထပ်ခြေလှမ်းမှာ တစ်နာရီ ၁၂၄ မိုင်နှုန်းဖြစ်ကြောင်း၊ ယခု စွန့်စားမှုတွင် ၎င်းစိုးရိမ်ခဲ့သည့် တစ်ခုတည်းသောအရာမှာ ရေခဲပြင်ပေါ်၌ ကားမတော်တဆမှု တစ်ခုခုဖြစ်မည်ကိုသာ ဖြစ်ကြောင်း နှင့် ကံအားလျော်စွာပင် ကားသည်လည်း အံ့သြဖွယ်ကောင်းစွာ စွမ်းဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Barrow သည် ၂ဝ၁၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင်လည်း ယခုကဲ့သို့ စွန့်စားမှုမျိုး၌ တစ်နာရီ ၆၂ မိုင်နှုန်း ဖြင့် စံချိန်ချိုးခဲ့ဖူးသူ ဖြစ်သည်။ ထိုစဉ်က စံချိန်ချိုးခဲ့သော်လည်း လိုအပ်သည့်အတိုင်း တရွတ်မဆွဲနိုင်သော ရေခဲပြင်အခြေအနေကြောင့် မူလရည်မှန်းထားသည့် စံချိန်ကို မရခဲ့သော Barrow သည် ထို့ထက်ပိုသည့် အမြန်နှုန်းဖြင့် စံချိန်ချိုးနိုင်ရန် ယုံကြည်ခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ အရင်တစ်ခေါက် အသုံးပြုခဲ့ဖူးသည့် ကားထက် ပိုမိုမြန်ဆန်သည့် Maserati SUV ကားဖြင့် ထပ်မံကြိုးစားခဲ့ခြင်းဖြစ်သည်။ ယခု အသုံးပြုခဲ့သော Maserati ကားတွင် Pirelli Scorpion Winter တာယာများ တပ်ဆင်ထားပြီး တာယာတစ်ခုစီတွင် သံမှိုဖုပေါင်း ၄၇၄ ခုပါဝင်ပြီး လေးမီလီမီတာ ရှည်လျားသောကြောင့် ရေခဲပြင်တွင် အကောင်းဆုံးကုပ်အားကို ရရှိခဲ့သည်။ Barrow အနေဖြင့်လည်း ကားရွေးချယ်မှု မှန်ကန်ခဲ့ကြောင်း၊ Maserati Levante သည် ရေခဲပြင်ပေါ်တွင် အကောင်းဆုံးမောင်းနှင်နိုင်ခဲ့ပြီး ၎င်း၏လမ်းကြမ်းမောင်းစွမ်းရည်များကိုလည်း အထင်ရှားဆုံးပြသနိုင်ခဲ့ကြောင်း ထပ်မံပြောကြားခဲ့သည်။

Ref : Daily Mail

 

LEAVE A REPLY

Please enter your comment!
Please enter your name here