ဗြိတိသျှတော်ဝင်မင်းသားတစ်ပါး ဖြစ်သည့် ဟယ်ရီနှင့် ကြင်ရာတော် မယ်ဂန်မာခယ်တို့သည် ၎င်းတို့၏ တော်ဝင်မဂင်္လာအခမ်းအနားတွင် ၁၉၆၈ မိုဒယ် ဂန္ထဝင်ခေတ်ဟောင်း ကားပုံစံ ပြောင်းလဲဖန်တီးထားသည့် တစ်စီးတည်းထုတ် အထူးသီးသန့် မိုဒယ် Jaguar E-Type နှစ်ယောက်စီး လျှပ်စစ်ပြိုင်ကားလေးကို အသုံးပြုခဲ့ပြီး ကားနံပါတ်ပြားနေရာတွင်လည်း ၎င်းတို့၏ မဂင်္လာနေ့ကို ရေးထိုးထားသည့် နံပါတ်ပြားအား တပ်ဆင်ခဲ့ကြောင်း မေ ၂ဝ ရက်တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
မင်းသားဟယ်ရီတို့ မဂင်္လာမောင်နှံသည် Windsor တော်ဝင်ရဲတိုက်မှ အနီးရှိ ၎င်းတို့မဂင်္လာပွဲ ကျင်းပရာ ၁၇ ရာစု Frogmore စံအိမ်တော်သို့ သွားရောက်ရာတွင် အဆိုပါ ပြုပြင်မွမ်းမံထားသည့် လျှပ်စစ်စွမ်းအင်သုံး ခေတ်ဟောင်း ဂန္ထဝင် E-Type နှစ်ယောက်စီး အမိုးဖွင့်ပြိုင်ကားကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ အများသုံးလမ်းပေါ်တွင် သွားလာခြင်းမဟုတ်သည့်အတွက် ကားနံပါတ်ပြားနေရာတွင် တရားဝင်နံပါတ်ပြားအစား E190518 ကို ရေးထိုးတပ်ဆင်ထားပြီး E သည် Electric ကို ရည်ညွှန်း၍ 19 05 18 သည် ဟယ်ရီတို့ မဂင်္လာမောင်နှံ ၏ မဂင်္လာနေ့ရက်ကို ရေးထိုးထားခြင်းဖြစ်သည်။ ကားထုတ်လုပ်သူ Jaguar ကားကုမ္ပဏီက ကမ္ဘာ့အလှဆုံးကားအဖြစ် တင်စားခေါ်ဝေါ်ထားသည့် အဆိုပါဂန္ထဝင်ကားကို ဟယ်ရီနှင့် မာခယ်တို့၏ မဂင်္လာအခမ်းအနားအတွက် အထူးပြုပြင်မွမ်းမံထားပြီး သမားရိုးကျ ဓာတ်ဆီအင်ဂျင်ကို ဖယ်ရှားကာ Zero Emission လျှပ်စစ်မိုတာနှင့် Plug-in ဘက်ထရီကို အစားထိုးတပ်ဆင်ခဲ့သည်။ မူလမိုဒယ်ထက် ရှစ်ဆယ်ကီလိုဂရမ် ပိုမိုပေါ့ပါးသည့်အပြင် ပိုမိုမြန်ဆန်သည့် အဆိုပါ Zero Emission E-Type ၏ အမြင့်ဆုံးအမြန်နှုန်းသည် တစ်နာရီ မိုင် ၁၅ဝ ဖြစ်ပြီး အချိန် ငါးစက္ကန့်ခွဲအတွင်း သုညမိုင်မှ တစ်နာရီ ၆၂ မိုင်နှုန်းရောက်အောင် အရှိန်မြှင့်တင်နိုင်မည် ဖြစ်သည်။
တော်ဝင်မဂင်္လာအခမ်းအနားသို့ မင်းသားဟယ်ရီကိုယ်တိုင် မောင်းနှင်ခဲ့သည့် အဆိုပါ ဂန္ထဝင် E-Type ပြိုင်ကားကို ကနဦးပိုင်ဆိုင်သူမှာ Jamiroquai တီးဝိုင်းမှ အဖွဲ့ဝင်ဟောင်း ကွယ်လွန်သူ ဂီတပညာရှင် Smith ဖြစ်ပြီး အဆိုပါ ဂန္ထဝင်ကား၏ မူလတန်ဖိုးမှာ ပေါင်သုံးသိန်းခွဲ ဖြစ်သည်။ မင်းသားဟယ်ရီသည် အစ်ကိုဖြစ်သူ မင်းသားဝီလျံက ၂ဝ၁၁ ခုနှစ်တွင် ကျင်းပခဲ့သော ၎င်း၏ တော်ဝင်မဂင်္လာအခမ်းအနားတွင် ခေတ်ဟောင်းဂန္ထဝင် Aston Martin DB6 ပြိုင်ကားကို ကိုယ်တိုင်မောင်းနှင်ခဲ့သည့်အတိုင်း နမူနာယူ၍ ၎င်းနှင့်မာခယ် တို့၏ မဂင်္လာပွဲတွင်လည်း ထိုကဲ့သို့ သော နှစ်ယောက်စီးအမိုးဖွင့် ဂန္ထဝင်ပြိုင်ကားကို ကိုယ်တိုင်မောင်းနှင်ခဲ့ခြင်းဖြစ်သည်။
Ref : Daily Mail