ဗီယက်နမ် Honda ဆိုင်ကယ်များ အဝယ်ပြန်လိုက်လာ

263

 

မန္တလေး၊ ဇွန် ၂၄

ဗီယက်နမ်နိုင်ငံထုတ် Honda Wave Alpha ၊ Honda RSX ၊ Honda Blade စသော ဆိုင်ကယ်များမှာ ဇွန်လ စတုတ္ထပတ်အတွင်း အဝယ်ပြန်လိုက်လာကြောင်း မန္တလေးမြို့ ဆိုင်ကယ်ကုမ္ပဏီများထံမှ သိရသည်။

“ပြီးခဲ့တဲ့ ဧပြီလတုန်းကတော့ Covid-19 ရောဂါတွေဖြစ်ပွားနေတဲ့ ကာလဆိုတော့ ရောင်းအားထိုးကျသွားတယ်၊ မေလရောက်တော့ ရောင်းအား နည်းနည်းတက်လာတယ်၊ အခုဇွန်လကျတော့ တော်တော်ကြီး ပြန်ကောင်းလာတယ်ပေါ့၊ အရင်နှစ်တွေရဲ့ အတွေ့အကြုံအရ ဒီအချိန်က ရောင်းအားကောင်းတဲ့ကာလလို့ ပြောလို့ရတယ်” ဟု မန္တလေးမြို့ Easy Rider Motorbike ကုမ္ပဏီမှ Regional Sales Manager ကိုစိုးပိုင်က ပြောကြားသည်။

ဗီယက်နမ်နိုင်ငံထုတ် Honda ဆိုင်ကယ်များအနက် Wave Alpha 110 သည် မြန်မာပြည်အောက်ပိုင်းရှိ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ လူကြိုက်အများဆုံးနှင့် ဝယ်လိုအားအများဆုံးဖြစ်ပြီး ယခုအခါ ကျောင်းဖွင့်ချိန်ကာလနှင့် လုပ်ငန်းများ ပြန်လည် လည်ပတ်လာပြီဖြစ်သဖြင့် အဝယ်ပြန်လိုက်လာခြင်းဖြစ်နိုင်ကြောင်း မန္တလေးမြို့ခံ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်အချို့က သုံးသပ်သည်။

“ရောင်းအားက ပြန်လိုက်လာတယ်၊ လောလောဆယ်မှာ ဝယ်လိုအားက နယ်အစုံပဲ၊ ဗီယက်နမ်ဘီးက ထိုင်းဘီးလို ဈေးကွက်ပြိုင်ဆိုင်မှုမရှိတော့ ရောင်းတဲ့သူအတွက်ရော ဝယ်တဲ့သူအတွက်ရော အဆင်ပြေတယ်” ဟု မန္တလေးမြို့ခံ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မန္တလေးမြို့တွင် ယခု ဇွန်လ စတုတ္ထပတ်အတွင်း၌ ဗီယက်နမ်နိုင်ငံထုတ် Honda Wave Alpha 110 ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၁,၄၅၀,၀၀၀၊ EFI RSX ကျပ် ၁,၇၀၀,၀၀၀ စသော နှုန်းထားများပေါက်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here